ဘေဂျင်း၊ ဧပြီ ၉
တရုတ်သည် ဧပြီ ၉ ရက်(ဗုဒ္ဓဟူးနေ့)တွင် အမေရိကန်ကုန်ပစ္စည်းများအပေါ် ကြီးမားသောလက်တုံ့ပြန်မှုအဖြစ် စည်းကြပ်ခွန်များကြေငြာခဲ့ကာ သမ္မတ ဒေါ်နယ်ထရမ့်စတင်ခဲ့သော ကုန်သွယ်ရေးစစ်ပွဲသည် သိသိသာသာပြင်းထန်လာပြီး ကမ္ဘာ့ဈေးကွက်များကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ထရမ့်၏ နောက်ဆုံးအခွန်စည်းကြပ်မှုသည် ဗုဒ္ဓဟူးနေ့အစောပိုင်းက တရုတ်ကုန်ပစ္စည်းတင်သွင်းမှုအပေါ် အခွန် ၁၀၄ ရာခိုင်နှုန်းချမှတ်ခြင်းအပါအဝင် ဒါဇင်နှင့်ချီသော ကုန်သွယ် ဖက်များအပေါ်တွင် ဆိုးကျိုးသက်ရောက်စေခဲ့သည်။
ဘေဂျင်းသည် မူလက ဗုဒ္ဓဟူးနေ့၊ ဂရင်းနစ်စံတော်ချိန် 16:01 တွင် အမေရိကန်ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အခွန် ၃၄ ရာခိုင်နှုန်းဖြင့်တုံ့ပြန်ရန် စီစဉ်ထားသော်လည်း ယခုအခါ ထရမ့်က တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန်နှုန်းထားများ သိသိသာသာတိုးမြှင့်လိုက်ပြီးနောက် ယခုအခါ အခွန်စည်းကြပ်မှုကို ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ အမေရိကန်က တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ခြင်းသည် အမှားတကာ့အမှားဖြစ်ပြီး တရုတ်၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာထိပါးစေသည်” ဟု တရုတ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်က အကောက်ခွန်စည်းကြပ်မှု အစီအမံအားလုံးကို ချက်ခြင်းဖျက်သိမ်းရန် အမေရိကန်ကို တိုက်တွန်းခဲ့ပြီး ၎င်းတို့ကြားကွဲလွဲမှုများကို ဆွေးနွေးအဖြေရှာရေး တိုက်တွန်းခဲ့သည်။
ဝါရှင်တန်၏လှုပ်ရှားမှုများသည် နိုင်ငံစုံစည်းမျဥ်းအခြေခံ ကုန်သွယ်မှုစနစ်အား ဆိုးရွားစွာပျက်စီးစေခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့သည်။
Shield AI နှင့် Sierra Nevada ကော်ပိုရေးရှင်းအပါအဝင် အမေရိကန် ဉာဏ်ရည်တုကုမ္ပဏီခြောက်ခုကို အမည်ပျက်စာရင်းသွင်းမည်ဟု ဘေဂျင်း၏ ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ထရမ့်သည် တရုတ်၏တန်ပြန်တိုက်ခိုက်မှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသော်လည်း ကုမ္ပဏီများကို အမေရိကန်သို့စတင်ပြောင်းရွှေ့ရန် တောင်းဆိုခဲ့သည်။
“သင်တို့၏ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ့ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း” Apple နှင့် အခြားများစွာသော အမေရိကန်ကုမ္ပဏီများကို အမေရိကန်သမ္မတက ၎င်း၏ Truth Social platform တွင် ပြောကြားခဲ့သည်။
“မစောင့်ပါနဲ့၊ အခုလုပ်ပါ” ဟု တိုက်တွန်းခဲ့သည်။
ကုမ္ပဏီများကို အမေရိကန်သို့ ရွှေ့ပြောင်းခိုင်းခြင်းဖြင့် အမေရိကန်၏ဆုံးရှုံးနေသော ကုန်ထုတ်လုပ်မှုကို ပြန်လည်ရှင်သန်စေမည်ဟူသည့်မူဝါဒကို ထရမ့်ကယုံကြည်နေသည်။
သို့သော် စီးပွားရေးကျွမ်းကျင်သူများနှင့် ဘောဂဗေဒပညာရှင်အများအပြားက အဆိုပါကိစ္စသည် မည်မျှလျင်မြန်စွာဖြစ်ပေါ်လာနိုင်မည်နည်းဟု မေးခွန်းထုတ်ကာ ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးနေသည်။
Ref: #ChannelNewsAsia
#ယနေ့ခေတ်
အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၈၄% ဖြင့် တရုတ်ကလက်တုံ့ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်