ပင်တဂွန်၊ မေ ၂၅
ထိုင်ဝမ်ကျွန်းနားတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့ပြီးနောက်မကြာမီ လာမည့်သီတင်းပတ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ်တွင်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားတွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်သည် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံတွင်ကျင်းပမည့် Shangri-La Dialogue ဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါအစည်းအဝေးကို ကမ္ဘာတဝှမ်းမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များ တက်ရောက်လေ့ရှိပြီး နှစ်စဉ်ကျင်းပသည့်အစည်းအဝေးဖြစ်ကြောင်း သိရ သည်။
အဆိုပါအစည်းအဝေးအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးဖွယ်ရှိနေသလို၊ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိနေသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်သမ္မတအသစ်ကို ခွဲထွက်ရေးသမားဟု သတ်မှတ်ပြောဆိုထားပြီး လိုလားနှစ်သက်ခြင်းမရှိကြောင်း သိရသည်။
ထိုအတွက်ကြောင့် တရုတ်စစ်တပ်သည် အနောက်အုပ်စုလိုလားသူ လီချန်တေး ထိုင်ဝမ်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း နှစ်ရက်အကြာတွင် ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျန်တို့သည် ပြီးခဲ့သောဧပြီလအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် စင်ကာပူနိုင်ငံတွင် လူချင်းတွေ့ ဆုံကာ ကမ္ဘာရေးရာကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိနေသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများလျော့ချနိုင်ရန်နှင့် တွက်ချက်မှုမမှားစေရန်အတွက် နှစ်နိုင်ငံကြားအပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပိုမိုဖွင့်လှစ်ထားရန် သဘောတူညီထားကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်