ရန်ကုန်၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ Denko စက်သုံးဆီအရောင်းဆိုင်ကို နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အမည်မသိလူတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
Denko စက်သုံးဆီအရောင်းဆိုင်ကို အသက် ၃၀ နှစ်ခန့်အရွယ်လူတစ်ဦးက CZI-125 နက်ပြာရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဂျာကင်အင်္ကျီနက်ပြာရောင်အတွင်းမှ သေနတ်ရှည်ဖြင့် ဆိုင်အတွင်း ငါးချက်ခန့်ပစ်ဖောက်ခြိမ်းခြောက်ကာ ငွေကျပ် ၁၂ သိန်းကျော်ကို ဓားပြတိုက်ယူသွားကြောင်း သိရသည်။
“ ဆိုင်ကယ်ဓာတ်ဆီဖြည့်မလို့ရောက်လာပြီး ဆိုင်အတွင်းနဲ့ ပြင်ပအခြေအနေကြည့်ပြီး သေနတ်နဲ့ခြိမ်းခြောက် ဓားပြတိုက်သွားတဲ့သဘောပါ။ CCTV အရ ဓားပြတိုက်သူက အသက် ၃၀ ကျော်လောက်ရှိပါမယ်။ သေနတ်ကိုင်ပြီး ပစ်ခတ်တော့ ဆိုင်ထဲလူတွေလည်း ကြောက်လန့်ကုန်ကြတာ အမှန်ပါ။” ဟု Denko စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဓားပြတိုက်ခဲ့သူအမျိုးသားသည် ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လုယက်ဓားပြတိုက်ခံရမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ပြီး ပြည်သူအများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း မန္တလေးမြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CCTV
အမရပူရတွင် Denko စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်