ရန်ကုန်၊ နိုဝင်ဘာ ၂၈
မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ တပ်ကြီးကျေးရွာ၊ အိုးတုတ်တန်းတိုးဂိတ်အနီးတွင် နိုဝင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီက ကျောင်းဆရာမတစ်ဦးကို သေဆုံးသည်အထိပြုလုပ်ကာ ဆိုင်ကယ်လုယက်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း အမရပူရမြို့မရဲစခန်းမှ သိရသည်။
အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာရှိ အထက(ခွဲ)ကျောင်း၏ အလယ်တန်းပြကျောင်းဆရာမသည် ဆိုင်ကယ်ဖြင့်စျေးဝယ်ထွက်ချိန် အမည်မသိလူနှစ်ဦးက သေဆုံးသည်အထိပြုလုပ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေရာမှ တစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ ကျောင်းဆရာတစ်ဦးတည်း ဆိုင်ကယ်မောင်းပြီး စျေးဝယ်ထွက်ချိန်မှာ ဖြစ်ပွားခဲ့ရတာပါ။ ကျောင်းဆရာမလေးရဲ့ ရုပ်အလောင်းကိုတွေ့လို့ သက်ဆိုင်ရာကစစ်ဆေးလိုက်တဲ့အခါမှာ သေဆုံးသည်အထိပြုလုပ်ပြီး ဆိုင်ကယ်ကိုလုယက်သွားတာကို သိရတာပါ။” ဟု အမရပူရမြို့မရဲစခန်းမှ တာဝန်ရှိတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကျောင်းဆရာမကို သေဆုံးသည်အထိပြုလုပ်ကာ ဆိုင်ကယ်လုယူယက်မှုကျူးလွန်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ တရားခံခန့်ဇင်လင်း(၂၀)နှစ်(တက်တူးဆရာ)အား အချိန်ပိုင်းအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါတရားခံ ခန့်ဇင်လင်း(၂၀)နှစ်(တက်တူးဆရာ)ကို သင်ပန်းရွာ၊ တံတားဦးမြို့နယ်နေသူဖြစ်ပြီး အမရပူရမြို့ နယ်၊ တပ်ကြီးကွင်း(ယာခင်းကွင်း)အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါလုယက်မှုတွင်ပါဝင်ခဲ့သူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ကျော်ကြီးဆိုသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
အမရပူရတွင် ကျောင်းဆရာမတစ်ဦးအား သေဆုံးသည်အထိပြုလုပ်ကာ ဆိုင်ကယ်လုယက်မှုကျူးလွန်သူကို ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်