အပြစ်မဲ့ပြည်သူများကို ကာကွယ်ပေးရန် အစ္စရေးနိုင်ငံကို အမေရိကန်အစိုးရ ထပ်မံသတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၃၀

အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ်အဖွဲ့များကို တိုက်ခိုက်ရာတွင် အပြစ်မဲ့ပြည်သူများကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ သတိပေးလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပါလက်စတိုင်းပိုင်နက်များထဲသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ ပိုမိုရောက်ရှိအောင် လုပ်ဆောင်သွားမည်ဟု သတိပေးပြောဆိုခဲ့သည်။

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့သော အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်းတည်းက ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၈၀၀၀ သေဆုံးထားကြောင်း သိရသည်။

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သော ပါလက်စတိုင်းပြည်သူ ၈၀၀၀ ထဲတွင် တစ်ဝက်နီးပါးက ကလေးငယ်များဖြစ်နေကြောင်း သိရသည်။

အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအနေဖြင့် ကိုယ်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိသော်လည်း နိုင်ငံတကာဥပဒေများအတိုင်း လိုက်နာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အပြစ်မဲ့အရပ် သားများကို ကာကွယ်ပေးရန် ဦးစားပေးလုပ်ဆောင်ရ မည်ဖြစ်ကြောင်း ထပ်မံသတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သောရက်ပိုင်းတွင် အီဂျစ်သမ္မတ အယ်စီစီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဂါဇာဒေသထဲကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ ပိုမိုရောက် ရှိရန် စတင်လုပ်ဆောင်နေကြောင်း အမေရိကန်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကမ္ဘာတဝှမ်းရှိ ခေါင်းဆောင်များသည် ဂါဇာဒေသသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ ချက်ချင်းပို့ခွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။

အစ္စရေးသည် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ပြီး ဂါဇာဒေသကို မြေပြင်ထိုးစစ်စတင်ခဲ့ပြီဖြစ်ရာ လူသေဆုံးမှုများ မြင့်တက်လာမည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ် နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံကို အားပေးထောက်ခံသော်လည်း အရပ်သားများ ထိခိုက်သေဆုံးမှု လျော့နည်းအောင်လုပ်ဆောင်ရန် ယခုလအစောပိုင်းကလည်း သတိပေးခဲ့ဖူး သည်။

ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

အပြစ်မဲ့ပြည်သူများကို ကာကွယ်ပေးရန် အစ္စရေးနိုင်ငံကို အမေရိကန်အစိုးရ ထပ်မံသတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.