အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်များကို ထပ်မံပယ်ချပြီး စစ်ပွဲကိုအလုံးစုံအနိုင်ရရန် တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၈

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကို အပစ်ခတ်ရပ်စဲရန် တောင်းဆိုမှုများကို ငြင်းဆန်ပယ်ချလိုက်ပြီး အလုံးစုံနိုင်ပွဲရယူနိုင်ချိန်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသော ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များ မကြာခင်ရရှိလာမည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။

ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အမေရိကန်၊ ကာတာ၊ အီဂျစ်နိုင်ငံတို့က ကြားဝင်ဆောင်ရွက်နေပြီး ပြီးခဲ့သောသီတင်းပတ်က ပြင်သစ်နိုင်ငံတွင် ဟားမက်စ်အဖွဲ့ဝင်များနှင့်တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်သည် ပြီးခဲ့သောရက်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများကိုသွားရောက်ကာ ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် ဆွေးနွေးခဲ့ပြီး အပစ်ခတ်ရပ်စဲရေး မကြာခင်ရရှိမည်ဟုမျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်က ဟားမက်စ်လက်နက်ကိုင်အုပ်စုနှင့် အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး၊ အစ္စရေးတပ်ဖွဲ့ဝင်များကို ဂါဇာဒေသတောင်ပိုင်းသို့ ပိုမိုစေလွှတ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက “ ဂါဇာဒေသ တောင်ပိုင်းရာဖယ်မြို့မှာ စစ်ဆင်ရေးတွေလုပ်ဖို့ တပ်ဖွဲ့ဝင်တွေ ပြင်ဆင်ထားရမယ်။ ဟားမက်စ်အဖွဲ့အပေါ် အလုံးစုံနိုင်ပွဲရချိန်အထိ ဆက်တိုက်သွားရမယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက်တွေကို လက်ခံလိုက်မယ်ဆိုရင် ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်တော့မှာမဟုတ်ဘူး။ ဆိုးရွားတဲ့အဖြစ်အပျက်တွေ ထပ်မံဖြစ်လာအောင် ဖိတ်ခေါ်သလိုမျိုးဖြစ်လာစေမယ်။” ဟု ပြောသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲကာလ ၄ လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၂၇,၀၀၀ ကျော် သေဆုံးထားကြောင်း သိရသည်။

ကောင်းထက်ငွေ

reuters.com

အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်များကို ထပ်မံပယ်ချပြီး စစ်ပွဲကိုအလုံးစုံအနိုင်ရရန် တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.