အနောက်အုပ်စုနိုင်ငံများကို တိုက်ခိုက်လိုသောနိုင်ငံများကို လက်နက်များကူညီမည်ဟု ရုရှားသမ္မတ ခြိမ်းခြောက်

မော်စကို၊ ဇွန် ၇

ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများနှင့် ရုရှားနိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာနေချိန်တွင် ရုရှားသမ္မတပူတင်က အနောက်အုပ်စုနိုင်ငံများကို သတိပေးပြောဆိုလိုက်ကြောင်း သိရသည်။

အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို တာဝေးပစ်လက်နက်များ ကူညီပံ့ပိုးပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားသမ္မတက သတိပေးလိုက်ခြင်းဖြစ်သည်။

ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စုနိုင်ငံများကို တိုက်ခိုက်လိုသောနိုင်ငံများကို စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတိပေးပြော ဆိုခဲ့သည်။

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို ရုရှားနိုင်ငံပိုင်နက်များအတွင်းသို့ ၎င်းတို့ကူညီထောက်ပံ့ပေးထားသော လက်နက်များအသုံးပြုပြီး တိုက်ခိုက်ရန်ခွင့်ပြုပေးလိုက်ပြီးနောက် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ပူတင်က “ ကျွန်တော်တို့ပိုင်နက်တွေကို တိုက်ခိုက်ဖို့ လက်နက်တွေ ကူညီထောက်ပံ့ပေးပြီး စစ်ပွဲဇုန်ဖန်တီးမယ်ဆိုရင် ကျွန်တော်တို့အတွက် ပြသာနာတွေဖန်တီးပေးလိုက်တာဖြစ်တယ်။ ဒီကိစ္စကို ပြန်လည်တုံ့ပြန်ဖို့ စဉ်းစားရမယ်။ အနောက်အုပ်စုနိုင်ငံတွေကို တိုက်ခိုက်လိုတဲ့နိုင်ငံတွေကို လက်နက်တွေ ကူညီထောက်ပံ့ပေးသင့်ပေးရမယ်။” ဟုပြောသည်။

ရုရှားသည် မည့်သည့်နိုင်ငံများကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမည်ဆိုသည်ကို အတိအကျပြောဆိုခြင်းမရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံသည် ယူကရိန်းကို ရုရှားပိုင်နက်များသို့ တာဝေးပစ်လက်နက်များ လွတ်လပ်စွာသုံးစွဲခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ရာ ယင်းအချက်က နှစ်နိုင်ငံကြားဆက်ဆံရေးကိုဖျက်ဆီးစေရာရောက်ကြောင်း သမ္မတပူတင်က ပြောသည်။

ယူကရိန်းသည် ပြီးခဲ့သောရက်ပိုင်းတွင် အနောက်အုပ်စုနိုင်ငံများ ကူညီပေးထားသော လက်နက်များအသုံးပြုပြီး ရုရှားပိုင်နက်များအတွင်းသို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် အနောက်အုပ်စုနိုင်ငံများကို တိုက်ခိုက်လိုသောနိုင်ငံများသို့ စစ်လက်နက်များ ကူညီထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း နေတိုးအုပ်စုပိုင်နက်များကိုတိုက်ခိုက်မည်ဆိုသောအချက်ကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံကလည်း ၎င်းတို့အနေဖြင့် ယူကရိန်းကို ကူညီထောက်ပံ့ပေးထားသော စစ်လက်နက်ပစ္စည်းများကို ရုရှားနိုင်ငံပိုင်နက်များအတွင်းသို့ တိုက်ခိုက်ရန် ခွင်ပြုပေးသင့်/မသင့်ကို စဉ်းစားရမည်ဖြစ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

bbc.com/news

အနောက်အုပ်စုနိုင်ငံများကို တိုက်ခိုက်လိုသောနိုင်ငံများကို လက်နက်များကူညီမည်ဟု ရုရှားသမ္မတ ခြိမ်းခြောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.