ဆိုးလ်၊ ဒီဇင်ဘာ ၁၂
ဖိအားများနှင့်ရင်ဆိုင်နေရသော တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က အတိုက်ခံနိုင်ငံရေးအုပ်စုများသည် နိုင်ငံကိုဆန့်ကျင့်နေကြောင်း၊ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်သော အချက်အလက်များကို hacked ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုအပြင်တောင်ကိုရီးယားသမ္မတက နိုင်ငံဒီမိုကရေစီကိုကာကွယ်ရန်အတွက် စစ်အုပ်ချုပ်ရေးဥပဒေကို ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။
ယွန်ဆက်ယိုလ်သည် မအောင်မြင်ခဲ့သော စစ်အုပ်ချုပ်ရေးထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းက ပြည်သူများကို ပြန်လည်တောင်းပန်ခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ၏ မိခင်ပါတီဖြစ်သော ပြည်သူအာဏာပါတီက ယွန်ဆက်ယိုလ်သည် သမ္မတရာထူးမှ နုတ်ထွက်မည့်ပုံစံမရှိသည့်အတွက် စွပ်စွဲပြစ်တင်သွားရမည်ဖြစ်ကြောင်း ပြောသည်။
ယွန်ဆက်ယိုလ်က “ ကျွန်တော်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာပဲဖြစ်ဖြစ်၊ စွပ်စွဲပြစ်တင်တာပဲဖြစ်ဖြစ် အဆုံးအထိတိုက်ပွဲဝင်သွားမယ်။ အရာ အားလုံးအတွက် ကျွန်တော်ရင်ဆိုင်ဖြေရှင်းမယ်။ အတိုက်ခံနိုင်ငံရေးသမားတွေဟာ နိုင်ငံကိုအခက်ခဲပြသာနာတွေထဲ ဆွဲသွင်းနေတယ်။” ဟု ပြောသည်။
တောင်ကိုရီးယားအတိုက်ခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် ပြီးခဲ့သောသီတင်းပတ်အတွင်း ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့ရာ အောင်မြင်မှုမရခဲ့သည့်အတွက် လာမည့်ရက်ပိုင်းအတွင်း လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရသည်။
ယွန်ဆက်ယိုလ်က “ အတိုက်ပါတီဝင်အများစု လွမ်းမိုးထားတဲ့လွှတ်တော်ဟာ နိုင်ငံရဲ့လစ်ဘရယ်ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးနေတယ်။” ဟု ပြောသည်။
အဓိကအတိုက်ခံပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီသည် ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ရန် အဓိကကြိုးပမ်းနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အတိုက်ခံပါတီများက နိုင်ငံကိုဆန့်ကျင့်နေပြီး စွပ်စွဲပြစ်တင်မှုများကို အဆုံးအထိတိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်