ရန်ကုန်၊ ဇန်နဝါရီ ၂၄
ကိုယ်ပိုင်သံစဉ်တေးသီချင်းများကိုသာသီဆိုသူ အဆိုတော်မာရဇ္ဇသည် ဇန်နဝါရီ ၂၃ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ ဗဟိုစည်ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
မာရဇ္ဇသည် ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်ရှိပြီး ဂီတအသိုင်းအဝိုင်းများနှင့် ပရိသတ်များက လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်း ရေးသားဖော်ပြကြသည်။
“မနေ့ညက ဆုံးတာ။ မနက်ဖြန် နေ့လည်တစ်နာရီ မြောက်ဥက္ကလာမြို့နယ်က ရေဝေးမှာပဲသဂြိုလ်မှာပါ။ ကျောက်ကပ်ရောဂါနဲ့ဆုံးတာပါ။” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မာရဇ္ဇသည် အဆိုတော်၊ တေးရေးဆရာဖြစ်ပြီး ကော်ပီသီချင်းများခေတ်စားနေချိန်တွင် ကိုယ်ပိုင်သံစဉ်များကိုသာ သီဆိုသူအဖြစ် လူသိများသည်။
အဆိုတော်မာရဇ္ဇသည် ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ၊ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင်၊ ရွှေရတီ (၂၀၀၂) သီချင်း Album များကို သီဆိုထုတ်လုပ်ခဲ့သည်။
၎င်းသီဆိုထားသော ဆွဲအား၊ မျှော်လင့်ခြင်းလမင်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင်၊ မုန်းခိုင်းတိုင်းမမုန်း နိုင်ဘူး၊ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ စသည့်သီချင်းများမှာ လူကြိုက်များကျော်ကြားသည်။
အဆိုတော်မာရဇ္ဇ ကွယ်လွန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်