ဒမ္မစကတ်၊ ဧပြီ ၂
ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အီရန်စစ်တပ်၏ ထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံရှိ အီရန်စစ်တပ်တာဝန်ရှိသူများသေဆုံးခဲ့ပြီး အီရန်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ရီဇာ ဇာဟီဒီလည်း သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဆီးရီးယားနိုင်ငံ၊ ဒမ္မစကက်မြို့ရှိ အီရန်သံရုံးအဆောက်အဦးကို တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားသတင်းဌာနတစ်ခုဖြစ်သော (SANA)က ဖော်ပြထားသည်။ အီရန်မီဒီယာများကလည်း အစ္စရေးသည် အီရန်သံတမန်အဆောက်အဦးများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ဆီးရီးယားနိုင်ငံကို အစ္စရေး၏တိုက်ခိုက်မှုများအတွင်း အနည်းဆုံးလူခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရက အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်း သိရသည်။
သို့သော်လည်း ဆီးရီးယားအစိုးရကတော့ အစ္စရေး၏တိုက်ခိုက်မှုသည် ၎င်းတို့နိုင်ငံအချုပ်အခြာအာဏာပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။
သံတမန်ရုံးကိုတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ သံတမန်ရေးရာစည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ထားသည်။
သေဆုံးသွားခဲ့သော အီရန်ဗိုလ်ချုပ်သည် ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံတို့နှင့်ပတ်သက်ပြီး အီရန်စစ်ရေးဆောင်ရွက်ချက်များကို တာဝန်ယူဆောင်ရွက်နေသူဖြစ်ကြောင်း သိရ သည်။
အစ္စရေးသည် ပြီးခဲ့သောဒီဇင်ဘာလက ဆီးရီးယားနိုင်ငံကို တိုက်ခိုက်ခဲ့ပြီး ယင်းအချိန်တုန်းကလည်း ဆီးရီးယားနိုင်ငံရှိ အီရန်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ရာဇီ မော်ဆာဗီကျဆုံးခဲ့ဖူးကြောင်း သိရသည်။
ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများဖြစ်လာခဲ့ရာ အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပြင် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စု၊ ဆီးရီးယားလက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
axios.com
အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အီရန်ဗိုလ်ချုပ်တစ်ဦး ထပ်မံသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်