အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နုတ်ထွက်ပေးရန် အစ္စရေးပြည်သူများ တောင်းဆို

ဂျေရုဆလင်၊ ဧပြီ ၁

အစ္စရေးနိုင်ငံတွင် ဝန်ကြီးချုပ်နေတန်ရာဟုကို ဆန့်ကျင်မှုမြင့်တက်လာနေပြီး ပြီးခဲ့သောသီတင်းပတ်အတွင်းက ဝန်ကြီးချုပ်နေတန်ရာဟုကို ရာထူးမှနုတ်ထွက်ရန် ပြည်သူများတောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံသားများသည် ဟားမက်စ်အဖွဲ့ နှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲအဖြစ် မတ်လ ၃၀ ရက်နေ့က တဲအယ်ဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအပြင် အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့၊ ဟိုင်ဖာမြို့၊ Be’er Sheva မြို့နှင့် Caesarea မြို့တို့တွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်နေတန်ရာဟုကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အစ္စရေးရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို မီးသတ်ပိုက်များဖြင့်ထိုးကာ ဟန့်တားခဲ့ပြီး၊ ဆန္ဒပြသူ ၁၆ ဦးကိုဖမ်းဆီးခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် လက်ရှိအချိန်တွင် နိုင်ငံတကာဖိအားများသာမက ပြည်တွင်းဖိအားများကို ရင်ဆိုင်နေရသည်။

ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူများ အမြန်ဆုံးပြန်လွှတ်မြောက်ရေး တောင်းဆိုမှုများ၊ ဖိအားများအပြင် ကုလသမဂ္ဂကလည်း စစ်ပွဲကိုအမြန်ဆုံး အပစ်ခတ်ရပ်စဲရန် တောင်းဆိုနေကြောင်း သိရသည်။

ဆန္ဒပြသူများက နေတန်ရာဟုသည် ဟားမက်စ်အဖွဲ့ကို အဆုံးသတ်ရန်လုပ်ဆောင်ပြီး ၎င်း၏နိုင်ငံရေး ရှင်သန်မှုများဖြစ်လာစေရန် လုပ်ဆောင်နေကြောင်း ဝေဖန်ထားသည်။

ဟားမက်စ်အဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသူတစ်ဦး၏ မိခင်ဖြစ်သူက “ ပြန်ပေးဆွဲခံရသူတွေ ပြန်လည်လွတ်မြောက်စေဖို့ တားဆီးတာတွေ၊ ဟန့်တားတာတွေမဖြစ်သင့်ဘူး။ ခုဆိုရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ပြန်ပေးဆွဲခံထားရသူတွေဟာ ရက်ပေါင်း ၁၇၆ ရက်ရှိနေပြီ။ နာရီနဲ့တွက်ချက်မယ်ဆိုရင် နာရီပေါင်း ၄,၂၂၄ နာရီရှိနေတယ်။” ဟု ပြောသည်။

နေတန်ရာဟုသည် လက်ရှိအချိန်တွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသူများ အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးနှင့်ပတ်သက်ပြီး စာချုပ်ချုပ်ဆိုနိုင်ရန် အဆိုပြုချက်များကို ငြင်းဆန်နေကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ၆ လနီးပါးကြာမြင့်နေပြီး အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၃၀,၀၀၀ ကျော်သေဆုံးထားပြီဖြစ်သည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့် အစ္စရေးကြား နိုဝင်ဘာလအတွင်း သဘောတူညီမှုရရှိခဲ့ပြီးနောက် ဖမ်းဆီးထားသူများ အပြန်အလှန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်ကြား ရရှိခဲ့သောယာယီအပစ်ခတ်ရပ်စဲရေး ပျက်သွားခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ ဟားမက်စ်အဖွဲ့လက်ထဲတွင် အစ္စရေးနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

upi.com/Top_News

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နုတ်ထွက်ပေးရန် အစ္စရေးပြည်သူများ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.