ဝါရှင်တန်၊ မေ ၂
နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးအဖွဲ့ ခေါင်းဆောင်များကို ဖမ်းဆီးတရားစီရင်ခွင့်မရှိကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတိပေးပြောဆိုလိုက်သည်။
အဆိုပါတရားရုံးသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်အပါအဝင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ဖွယ်ရှိနေသည်ဟု ပြီးခဲ့သောရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
အစ္စရေးအစိုးရအဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးမည်ဆိုသောအချက်နှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း ပြီးခဲ့သောရက်ပိုင်းတွင်ဝေဖန်ပြစ်တင်ထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန်ပါတယ်က “ အမေရိကန်အစိုးရဟာ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် မပါဝင်ပေမယ့် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ယူကရိန်းစစ်ပွဲ၊ ဆူဒန်အရေးနဲ့ ဒါဖာအရေးကိစ္စတွေမှာ ကျွန်တော်တို့ဟာ နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် သီးခြားကိစ္စတွေမှာတော့ ပူးပေါင်းပါဝင်မှာမဟုတ်ဘူး။” ဟု ပြောသည်။
အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့သည် ICC အဖွဲ့ဝင်နိုင်ငံများမဟုတ်သည့်အတွက် အဆိုပါတရားရုံး၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်မှုများရှိလာခဲ့ခြင်းဖြစ်သည်။
စက်မှုထိပ်သီး ဂျီ (၇) အဖွဲ့ကလည်း အစ္စရေးဝန်ကြီးချုပ်အပါအဝင် အစ္စရေးစစ်ဘက်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်မည်ဆိုလျှင် ဂါဇာဒေသအပစ်ခတ်ရပ်စဲရေးက နှောင့်နှေးဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
အစ္စရေးဝန်ကြီးချုပ်က “ အစ္စရေးခေါင်းဆောင်နဲ့ စစ်သားတွေကို စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ တံဆိပ်ကပ်ခြင်းဟာ အစ္စရေးဆန့်ကျင့်ရေးလုပ်ရပ်တွေ ပိုမိုဖြစ်လာအောင် လုပ် ဆောင်နေတာမျိုးဖြစ်တယ်။ အစ္စရေးနိုင်ငံရဲ့ ကိုယ်ကိုယ်ကိုယ် ခုံခံပိုင်ခွင့်တွေကို အားနည်းအောင်လုပ်ဆောင်နေတယ်။ အစ္စရေးဟာ ICC ရဲ့စီရင်ပိုင်ခွင့်ကို အသိမှတ်မပြုဘူး။” ဟုပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို ICC တရားရုံးတွင် တရားစွဲခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံတကာတရားရုံးက တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
france24.com/en
အစ္စရေးဝန်ကြီးချုပ်အပါအဝင် စစ်ဘက်ခေါင်းဆောင်များကို ICC တရားရုံးက ဖမ်းဝရမ်းထုတ်မည့်အပေါ် အမေရိကန်အစိုးရ ဝေဖန်ပြစ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်