အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ခဲ့သော ICC ၏အမိန့်ကိုဆိုင်းငံ့ရန် အီတလီအစိုးရ ကြိုးပမ်း

ရောမ၊ နိုဝင်ဘာ ၂၈

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများကြား သဘေထားအမြင်ကွဲလွဲမှုများရှိနေခဲ့ရာ လက်ရှိအချိန်တွင် အီတလီနိုင်ငံက နေတန်ရာဟုအား ဖမ်းဝရမ်းထုတ်ခြင်းကိုဆိုင်းငံ့ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အီတလီနိုင်ငံခြားရေးဝန်ကြီး တာဂျာနီက အစ္စရေးနှင့် ပါလက်စတိုင်းကြားဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်ချိန်အထိ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကိုဖမ်းဆီးမည့် ICC ၏အမိန့်ကို ဆိုင်းငံထားနိုင်ရန် ကြိုးပမ်းမည်ဟု ပြောသည်။

နိုင်ငံတကာရာဇဝတ်တရားရုံးသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအပါအဝင်သုံးဦးကို ပြီးခဲ့သောရက်ပိုင်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဗြိတိန်နိုင်ငံက ICC ၏ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်မည်ဟု ဆိုသည်။

ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသော နိုင်ငံပေါင်းအနည်းဆုံး ၁၂၄ နိုင်ငံရှိနေပြီး ICC အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ချိန်တွင် နေတန်ရာဟုဖမ်းဆီးခံရဖွယ်ရှိနေကြောင်း သိရသည်။

ICC တရားရုံးသည် နေတန်ရာဟုအပြင် အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့်နှင့် ဟားမက်စ်စစ်ရေးခေါင်းဆောင်တို့ကို စစ်ရာဇဝတ်မှုများကျူးလွန်ကြောင်း စွပ်စွဲထားပြီး ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသောနိုင်ငံများထဲတွင်ပါဝင်ခဲ့ပြီး ဂျီ ၇ အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို  ICC က ဖမ်းဝရမ်းထုတ်ခြင်းကို ဆိုင်းငံ့ထားရန် အဆိုပြုခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

reuters.com

အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ခဲ့သော ICC ၏အမိန့်ကိုဆိုင်းငံ့ရန် အီတလီအစိုးရ ကြိုးပမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.