အစ္စရေးရောက် မြန်မာများ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ရန် မြန်မာသံရုံး ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၉

အစ္စရေးနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် အစ္စရေးနိုင်ငံတွင် ရောက်နေသည့် မြန်မာနိုင်ငံသားများ အရေးတကြီး လိုအပ်ချက်မရှိပါက မိမိတို့နေအိမ်များတွင် သာ နေထိုင်ရန်၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့်နေရာတွင် နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်လာပါက အစ္စရေးရှိ မြန်မာသံရုံးနှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲသို့ ဆက်သွယ်ကြရန် ထုတ်ပြန်ထားသည်။

ဆက်သွယ်နိုင်ရန် ဖုန်းနံပတ်များမှာ မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇ နှင့် နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့်ပါရန်လည်း တိုက်တွန်းထားသည်။

ပါလက်စတိုင်းရှိ ဂါဇာတွင်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးက “ တရစပ်တွေပစ်ခတ်ကြတော့ ဗုံးခိုကျင်းတွေထဲပြေးလိုက်။ ခဏလေး ထွက်ကြည့်လိုက်နဲ့ နေခဲ့ရတာ။” ဟု နှစ်ဖက်တိုက်ပွဲအပေါ် ဘီဘီစီသတင်းဌာန၏ ဆက်သွယ်မေးမြန်းချက်အား ဖြေကြားထားသည်ကို တွေ့ရသည်။

အောက်တိုဘာ ၇ ရက်၊ နံနက်အစောပိုင်းမှစ၍ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်များထောင်ချီ၍ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး မြေပြင်တိုက်ပွဲများ ကြောင့် အစ္စရေးနိုင်ငံမှ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ယနေ့နံနက်အထိ သေဆုံးသူ တစ်ထောင်ကျော်အထိရှိခဲ့ပြီး သေဆုံးသူများတွင် ထိုင်းနိုင်ငံသား ၁၀ ဦးထက်မနည်းပါဝင်ပြီး ပြန်ပေးဆွဲခံထားရသူများရှိ၍ ၎င်းတို့နိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များစေလွှတ်ပြီး ကူညီမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်ဟု ယမန်နေ့က ထိုင်းမီဒီယာများ၏ သတင်း ဖော်ပြချက်အရ သိရသည်။

ထိုဒေသတွင် အလုပ်လုပ်ကိုင်နေသူနှင့် ကျောင်းတက်ရောက်နေသူ မြန်မာနိုင်ငံသား ရာချီရှိကြောင်း အစ္စရေးနိုင်ငံရောက် မြန်မာတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားပြီး လက်ရှိ အချိန်အထိ ထိခိုက်သေဆုံးသူနှင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား မရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မောင်ဇော်

Photo- Al Jazeera English

#ယနေ့ခေတ်

အစ္စရေးရောက် မြန်မာများ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ရန် မြန်မာသံရုံး ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.