ဂါဇာ၊ နိုဝင်ဘာ ၇
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ တစ်လနီးပါးအတွင်း ကုလသမဂ္ဂဝန်ထမ်းဦး အနည်းဆုံး ၈၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ အကြီး အကဲများက ပြောသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့၊ ယူနီဆက်ဖ်အပါအဝင် ကုလသမဂ္ဂအဖွဲ့စည်း ၁၈ ခု၏ အကြီးအကဲများ ပူးတွဲသတင်းထုတ်ခဲ့ရာ “ စစ်ပွဲက တစ်လနီးပါးရှိလာခဲ့တယ်။ တစ်ကမ္ဘာလုံးက ပါလက်စစတိုင်းနဲ့ အစ္စရေးရဲ့အခြေနေတွေကို စောင့်ကြည့်နေတယ်။ သေဆုံးသူအရေအတွက် မြင့်တက်လာနေတယ်။ အောက်တိုဘာ ၇ ရက်နောက်ပိုင်းတည်းက ပါလက်စတိုင်း၊ ဂါဇာဒေသမှာ အကူညီပေးနေတဲ့ ကုလသမဂ္ဂဝန်ထမ်း ၈၈ ဦးသေဆုံးခဲ့ရတယ်။ အဲဒီအရေအတွက်ဟာ စစ်ရေးပဋိပက္ခတစ်ခုအတွင်း ကုလသမဂ္ဂဝန်ထမ်းသေဆုံးမှု အများဆုံးဖြစ် ပါတယ်။” ဟု ပြောသည်။
၂၀၁၄ ခုနှစ်တုန်းက အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ရာ ကုလသမဂ္ဂဝန်ထမ်း ၁၁ ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။
ကုလသမဂ္ဂက ၎င်းတို့လက်အောက်ခံအဖွဲ့စည်းများ၏ ဝန်ထမ်းပေါင်း ၁၃,၀၀၀ ကျော်သည် ဂါဇာကမ်းမြောင်ဒေသတွင် အလုပ်လုပ်နေလျက်ရှိနေကြောင်း ဆိုသည်။
ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံသား ၁၄၀၀ ကျော်သေဆုံးထားပြီး အစ္စရေး၏လက်တုံ့ပြန် တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ ၇ ရက်နေ့အထိ ပါလက်စတိုင်းလူမျိုး ၁၀,၀၀၀ ကျော် သေဆုံးထားကြောင်း သိရသည်။
အစ္စရေးသည် အပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်များကိုလည်း ငြင်းဆန်ပယ်ချထားပြီး ဂါဇာဒေသကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲကြောင့် ကုလသမဂ္ဂဝန်ထမ်း ၉၀ နီးပါး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်