ဝါရှင်တန်၊ ဇန်နဝါရီ ၂၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနိုင်ငံမှာ နေတန်ရာဟု ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဆိုလျှင် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံရပ်တည်ရေးဆိုသောအချက်က မဖြစ်နိုင်စရာမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့သည် ပြီးခဲ့သောရက်ပိုင်းက ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတက “ အစ္စရေးဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းနိုင်ငံ သီးခြားရပ်တည်ရေးကိုလက်ခံဖို့ ဆွေးနွေးခဲ့တယ်။ နေတန်ရာဟုသာ အစ္စရေး ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်း သီးခြားနိုင်ငံအဖြစ်ရပ်တည်ရေး ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပြောလို့မရဘူး။” ဟု ပြောသည်။
အမေရိကန်သမ္မတသည် အစ္စရေးဝန်ကြီးချုပ်ကို ပါလက်စတိုင်းနှင့် သီးခြားနှစ်နိုင်ငံ ရပ်တည်ရေးအချက်ကို ဆန့်ကျင့်ခြင်းမလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက “ နှစ်နိုင်ငံရပ်တည်ရေးနဲ့ပတ်သက်ပြီး အမျိုးအစားအမျိုးမျိုးရှိနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ ကိုယ်ပိုင်စစ်တပ်မရှိတာတွေ ရှိနေတယ်။ ဒါ့အ ပြင် နိုင်ငံအချို့မှာလည်း စစ်ရေးနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေရှိနေတာ ရှိပါတယ်။” ဟု ပြောသည်။
အစ္စရေးဝန်ကြီးချုပ်သည် ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုခြင်း မရှိသလို၊ နိုင်ငံအဖြစ်လက်ခံသွားမည်မဟုတ်ကြောင်း ပြောဆိုထားသည်။
အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး၊ ပါလက်စတိုင်းလူမျိုးများ သေဆုံးမှုလျော့နည်းအောင် လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း အမေရိကန်သမ္မတက ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ စစ်ပွဲများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
timesofisrael.com
အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံဆိုသည်ကိုလက်ခံရန် အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်