ဝါရှင်တန်၊ မတ် ၂၃
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က အစ္စရေးနိုင်ငံအနေဖြင့် စီစဉ်ထားသည့်အတိုင်း ရာဖယ်မြို့ကို တိုက်ခိုက်မည်ဆိုလျှင် ကမ္ဘာနိုင်ငံများကြားတွင် အထီးကျန်နိုင်ငံဖြစ်လာဖွယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်သည်။
အန်တိုနီဘလီကန်သည် မတ်လ ၂၂ ရက်နေ့တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “ ဟားမက်စ်အဖွဲ့ကို အနိုင်ရယူနိုင်ရေးအတွက် အစ္စရေးရဲ့ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရာဖယ်မြို့ကို မြေပြင်ထိုးစစ်ဆင်မယ်ဆိုရင် အစ္စရေးဟာ အထီးကျန်နိုင်ငံဖြစ်လာဖို့များတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့သည် ဂါဇာဒေသတောင်ပိုင်းကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်က ရာဖယ်မြိုကို တိုက်ခိုက်မည့်အစီအစဉ်ကို အမေရိကန်နိုင်ငံက ဆန့်ကျင့်မည်ဆိုလျှင်လည်း တစ်နိုင်ငံတည်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစောပိုင်းက ထုတ်ဖော်ပြောဆိုထားသည်။
အစ္စရေးဝန်ကြီးချုပ်က “ ရာဖယ်မြို့ထဲကို ဝင်ရောက်တိုက်ခိုက်မှုမလုပ်ဘူးဆိုရင် ဟားမက်စ်အဖွဲ့ကို အနိုင်ရမယ့်နည်းလမ်းမရှိတော့ဘူး။ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံထံကနေ ကူညီထောက်ပံ့ပေးမှုရဖို့ မျှော်လင့်ထားတယ်။ တကယ်လို့အကူညီမရဘူးဆိုရင်လည်း တစ်နိုင်ငံတည်း လုပ်ဆောင်ရမယ့်အလုပ်တွေကို လုပ်သွားမယ်။” ဟု ပြောသည်။
ရာဖယ်မြို့သည် ဟားမက်စ်အဖွဲ့၏ နောက်ဆုံးခံတပ်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုများမလုပ်ခင် အရပ်သားများကို ကယ်ထုတ်နိုင်ရန် အစီအစဉ်များရှိပြီးဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောသည်။
အမေရိကန်အစိုးရက ရာဖယ်မြို့ကိုတိုက်ခိုက်ခြင်းသည် မှားယွင်းသောတိုက်ခိုက်မှု ဖြစ်လာနိုင်ဖွယ်ရှိနေပြီး အဆိုပါမြို့အတွင်းရှိ ဒေသခံများ ထိခိုက်ပျက်စီးမှု ပိုမိုဖြစ်လာနိုင်ကြောင်း ပြောသည်။
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ချက်ချင်းအပစ်ခတ်ရပ်စဲရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး စသောအချက်များပါဝင်သည့် အမေရိကန်၏ဆုံးဖြတ်ချက်မှုကြမ်းကို မတ်လ ၂၂ ရက်နေ့တွင် ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့က အဆိုပါဆုံးဖြတ်ချက်မူကြမ်းသည် အစ္စရေးကိုအထီးကျန်နိုင်ငံဖြစ်လာစေရန် လုံလောက်မှုမရှိကြောင်း ပြောသည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေက အစ္စရေးနိုင်ငံကို ဖိအားပေးနေခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com/world
အစ္စရေးနိုင်ငံ အထီးကျန်ဖြစ်လာမည်ဟု အမေရိကန်အစိုးရ ထပ်မံသတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်