အစ္စရေးနိုင်ငံ၏တိုက်ခိုက်မှုများကို အီရန်နိုင်ငံဘက်က ချက်ချင်းလက်တုံ့ပြန်ရန်အလားလာနည်း ဟုဆို

ဂျေရုစလင်၊ ဧပြီ ၂၀

အီရန်နိုင်ငံသည် ဧပြီ ၁၉ ရက်နေ့က အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ချက်ချင်းတုံ့ပြန်သွားဖွယ်မရှိကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများက ပြောသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက Isfahan မြို့ကို အစ္စရေးနိုင်ငံက ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း အီရန်၏လေကြောင်းရန်ကာကွယ်ရေးစနစ်များက ပစ်ချကာကွယ်နိုင်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးခြင်းများမရှိခဲ့ကြောင်း ပြောသည်။

အစ္စရေး၏တုံ့ပြန်မှုများသည် အကန့်သတ်ဖြင့်ပြုလုပ်ခြင်းဖြစ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

အစ္စရေးသည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး ဧပြီလအစောပိုင်းတွင် ဆီးရီးယားနိုင်ငံရှိ အီရန်ကောင်စစ်ဝန်ရုံးကို လေကြောင်းမှတုံ့ပြန်ခဲ့ရာ အီရန်ဗိုလ်ချုပ်နှစ်ဦးအပါအဝင် လူပေါင်း ၇ ဦး သေဆုံးခဲ့သည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး အီရန်သည် ဧပြီ ၁၃ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဒုံးကျည်များ၊ ဒရုန်းများများအပါ အဝင်တာဝေးပစ်လက်နက် ၃၀၀ ကျော်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် အဆိုပါတိုက်ခိုက်ခံရမှုကို မကျေနပ်သည့်အတွက် ဧပြီ ၁၉ ရက်နေ့တွင် အီရန်ကိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အီရန်အစိုးရတာဝန်ရှိသူတစ်ဦးက “ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ကြီးမားတဲ့ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူး။ အစ္စရေးမီဒီယာတွေကတော့ အီရန်နိုင်ငံအပေါ် အောင်ပွဲရတဲ့ပုံစံမျိုးရေးသားကြတယ်။ အစ္စရေးဟာ သေးငယ်တဲ့ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ချက်ချင်းတုံ့ပြန်ဖွယ်မရှိသေးပါဘူး။” ဟု ပြောသည်။

အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံကို ကြီးမားသောတုံ့ပြန်တိုက်ခိုက်မှုများ ချက်ချင်းမလုပ်ဆောင်သည့်အတွက် အရှေ့အလယ်ပိုင်းဒေသအတွင်း ကြီးမားသောစစ်ပွဲဖြစ်လာရန်အလား အလာနည်းနေကြောင်း သိရသည်။

သို့သော်လည်း အီရန်စစ်ဘက်တာဝန်ရှိသူများက အစ္စရေးသည် အီရန်နိုင်ငံ၏နျူကလီးယားဆိုင်ရာ အဆောက်အဦးများကို တိုက်ခိုက်မည်ဆိုလျှင် အစ္စရေးနိုင်ငံလုပ်ဆောင်သည့်ပုံစံမျိုးအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးထားသည်။

အီရန်စစ်ဘက်ခေါင်းဆောင်များက ၎င်းတို့သည် အစ္စရေး၏နျူကလီးယားလက်နက်ပစ္စည်းများထားရှိနေရာနှင့် သတင်းအချက်လက်များကို လက်ခံရရှိထားသည့်အတွက် ယင်းနေ ရာများကို အားပြင်းသောဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးထားသည်။

ကောင်းထက်ငွေ

channelnewsasia.com/world

အစ္စရေးနိုင်ငံ၏တိုက်ခိုက်မှုများကို အီရန်နိုင်ငံဘက်က ချက်ချင်းလက်တုံ့ပြန်ရန်အလားလာနည်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.