ဘရာဇီး၊ ဖေဖော်ဝါရီ ၂၁
ဘရာဇီးသမ္မတသည် အစ္စရေးအစိုးရနှင့် အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို ဒါဆေးလ်ဗား၏ မှတ်ချက်စကားများအပေါ် ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား အငြင်းပွားမှုများ၊ တင်းမာမှုများပိုမိုဖြစ်လာခဲ့ရာ ဘရာဇီးသမ္မတက သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး၏ဆောင်ရွက်ချက်များသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးများကို ဂျာမနီအာဏာရှင်ဟစ်တလာ ဆုံးဖြတ်လုပ်ကိုင်ပုံနှင့် တူညီနေကြောင်း ဘရာဇီးသမ္မတက ဝေဖန်ပြစ်တင်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သော်လည်း ဘရာဇီးနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရ သည်။
အစ္စရေးနိုင်ငံရှိ ဘရာဇီးသံရုံးတွင် သံရုံးယာယီခန့်တစ်ဦးထားရှိမည်ဖြစ်ရာ ယင်းလုပ်ရပ်က ဘရာဇီးနှင့် အစ္စရေးနိုင်ငံကြား သံတမန်ဆက်ဆံရေးအဆင့် နှိမ့်ချလိုက်ခြင်းဖြစ်သည်။
ဘရာဇီးသမ္မတ၏ မှတ်ချက်စကားနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသည် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ခေါ်ယူကန့်ကွက်ခဲ့သလို အစ္စရေးဝန်ကြီး ချုပ် နေတန်ရာဟုကလည်း ဘရာဇီးသမ္မတ၏ပြောဆိုချက်များကို စိတ်ဆိုးဒေါသဖြစ်နေပြီး သတ်မှတ်ထားသော နောက်ဆုံးစည်းမျဉ်းဖြစ်သည့် အနီရောင်စည်းမျဉ်းကို ဖြတ်ကျော်ဝေဖန်သည့် စကားမျိုးဖြစ်ကြောင်း ပြောဆိုထားသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရပြီး တောင်အာဖရိက နိုင်ငံက အစ္စရေးကို နိုင်ငံတကာတရားရုံးတွင် တရားစွဲထားကြောင်း သိရသည်။
ကောင်းထက်ငွေ
nytimes.com
အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်