အစ္စရေးနိုင်ငံကို အီရန်နိုင်ငံတိုက်ခိုက်ရန် အလားလာများနေကြောင်း အမေရိကန်သမ္မတ ထပ်မံသတိပေး

ဝါရှင်တန်၊ ဧပြီ ၁၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံကို နောက်မှတိုက်ခိုက်ခြင်းထက် စောစီးစွာတိုက်ခိုက်လာဖွယ်ရှိနေကြောင်း ထပ်မံသတိပေးပြောဆိုလိုက်သည်။

ဧပြီလအစောပိုင်းက ဆီးရီးယားနိုင်ငံကို အစ္စရေးနိုင်ငံက လေကြောင်းကတိုက်ခိုက်ခဲ့ရာ အီရန်စစ်ဗိုလ်ချုပ်များအပါအဝင် အနည်းဆုံး ၇ ဦးသေဆုံးခဲ့ပြီးနောက် အီရန်ဘက်က လက်တုံ့ပြန်မည်ကို စိုးရိမ်မှုမြင့်တက်နေချိန်တွင် အမေရိကန်သမ္မတက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် ကိုယ်ကိုယ်ကိုကာကွယ်ရန် အဆင့်သင့်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတက “ ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကိုကာကွယ်နိုင်အောင် ကူညီပေးသွားမှာဖြစ်တယ်။ အီရန်နိုင်ငံအောင်မြင်မှုမရအောင် လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။

အီရန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံကို လာမည့်ရက်ပိုင်းအတွင်း ပစ်မှတ်ထားတိုက်ခိုက်သွားဖွယ်ရှိနေကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။

အီရန်နိုင်ငံသည် ပါလက်စတိုင်းလက်နက်ကိုင်အုပ်စု ဟားမက်စ်၊ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုအပါအဝင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံကိုပစ်မှတ်ထားပြီး ဧပြီ ၁၂ ရက်နေ့က ဒုံးကျည်အစင်းပေါင်း ၄ဝ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် အီရန်တို့သည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး အစ္စရေး၏တိုက်ခိုက်မှုများကြောင့် အီရန်ဗိုလ်ချုပ်များ သေဆုံးချိန်တွင် နှစ်နိုင်ငံကြားတင်းမာမှု ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

အနောက်အုပ်စုနိုင်ငံများက အီရန်နိုင်ငံနှင့် အစ္စရေးနိုင်ငံကြား စစ်ပွဲထပ်မံမဖြစ်လာစေရန်အတွက် အီရန်ကိုစည်းရုံးဖြောင်းဖျပေးရန် တရုတ်နိုင်ငံကို တောင်းဆိုခြင်းများရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

အစ္စရေးနိုင်ငံကို အီရန်နိုင်ငံတိုက်ခိုက်ရန် အလားလာများနေကြောင်း အမေရိကန်သမ္မတ ထပ်မံသတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.