အစ္စရေးနိုင်ငံကိုကာကွယ်ရန် ကိုယ်တိုင်ဆုံးဖြတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

တဲလ်အဗစ်၊ ဧပြီ ၁၈

အနောက်အုပ်စုနိုင်ငံများက တောင်းဆိုမှုများရှိနေသော်လည်း အစ္စရေးနိုင်ငံအနေဖြင့် ကိုယ်နိုင်ငံကို ဘယ်လိုကာကွယ်မည်ဆိုသောအချက်ကို ကိုယ်ပိုင်ဆုံးဖြတ်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဆိုသည်။

အီရန်နိုင်ငံ၏ တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ပွဲများပိုမိုမကျယ်ပြန့်စေရန် အစ္စရေးနိုင်ငံကို သည်းခံချုပ်တည်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံတို့သည် အစ္စရေးနိုင်ငံကို သည်းခံချုပ်တည်းရန် တောင်းဆိုခဲ့ပြီး၊ အီရန်နိုင်ငံကို ပိုမိုပြင်းထန်သောပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စီစဉ်နေကြောင်း သိရသည်။

အီရန်နှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုများဖြစ်ပွားနေချိန်တွင် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုများက အစ္စရေးနိုင်ငံဘက်ခြမ်းကို ဧပြီ ၁၈ ရက်နေ့တွင် ရော့ကဒ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အစ္စရေးလေတပ်က ဟစ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်မှုအဖြစ် ဟစ်ဘိုလာအုပ်စု၏ အခြေခံအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်သည် အီရန်နိုင်ငံ၏ တိုက်ခိုက်မှုဖြစ်လာခဲ့ပြီးနောက်ပိုင်း ဗြိတိန်၊ ဂျာမနီနိုင်ငံတို့မှ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်က “ ကျွန်တော်အနေနဲ့ အားလုံးကိုရှင်းရှင်းလင်းလင်းသိစေလိုတယ်။ အစ္စရေးနိုင်ငံကာကွယ်နိုင်အောင် လိုအပ်တဲ့အရာရာတိုင်းကို လုပ်ဆောင်သွားမယ်။ အစ္စရေးနိုင်ငံကာကွယ်ရေးအတွက် ကိုယ်ဘာသာဆုံးဖြတ်မယ်။” ဟု ပြောသည်။

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံ၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်မည်ဖြစ်သော်လည်း မည့်သည့်အချိန်တွင် တိုက်ခိုက်မည်ဆိုသောအချက်ကို အတိအကျသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အီရန်နိုင်ငံကလည်း ၎င်းနိုင်ငံအပေါ် အစ္စရေးနိုင်ငံလက်တုံ့ပြန်မည်ဆိုလျှင် ပိုမိုကြီးမားသောတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com/world

အစ္စရေးနိုင်ငံကိုကာကွယ်ရန် ကိုယ်တိုင်ဆုံးဖြတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.