အစ္စရေးက အီရန်နိုင်ငံကိုလက်တုံ့ပြန်တိုက်ခိုက်

တဲလ်အဗစ်၊ ဧပြီ ၂၀

အစ္စရေးနိုင်ငံသည် ဧပြီ ၁၉ ရက်နေ့တွင် အီရန်နိုင်ငံကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။

အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အစ္စရေးနိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်အခြေစိုက် အေဘီစီသတင်းဌာနက အစ္စရေးဒုံးကျည်များသည် အီရန်နိုင်ငံအတွင်းရှိနေရာများကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်နိုင်ငံပိုင် ရုပ်သံ ဌာနကတော့ အီရန်နိုင်ငံပိုင်ဝေဟင်တွင် ပျံသန်းနေသည့်ဒရုန်းသုံးစင်းကို တွေ့မြင်ခဲ့ကြောင်း၊ အီရန်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒရုန်းများကို ပစ်ချဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ပစ်ချမှုများကြောင့် မြေပြင်တွင် ကျရောက်ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်မီဒီယာများကတော့ အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့သော အစ္စရေး၏တိုက်ခိုက်မှုများတွင် အမေရိကန်နိုင်ငံ ပါဝင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေးစစ်တပ်က အဆိုပါသတင်းများနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

အစ္စရေးအစိုးရက ၎င်းတို့သည် အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် ကြေညာခဲ့ပြီးနောက် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အစ္စရေးနှင့် အီရန်နိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသအတွင်းသို့ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံများက အီရန်ကိုလက်တုံ့ပြန်တိုက်ခိုက်ခြင်း မလုပ်ဆောင်ရန် အစ္စရေးကို ပြီးခဲ့သောရက်ပိုင်းတွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com/world

အစ္စရေးက အီရန်နိုင်ငံကိုလက်တုံ့ပြန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.