အစ္စရေးက ဂါဇာမြောက်ပိုင်းဆေးရုံကို စီးနင်းပြီးနောက် ဆေးရုံဝန်ထမ်းများအပါအဝင် လူပေါင်း ၂၄၀ ကို ဖမ်းဆီး

ဂါဇာ၊ ဒီဇင်ဘာ ၂၉

အစ္စရေးတပ်ဖွဲ့များသည် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဂါဇာမြောက်ပိုင်းရှိ ဆေးရုံကိုစီးနင်းခဲ့ပြီး ဆေးရုံဒါရိုက်တာနှင့် ဆေးရုံဝန်ထမ်းများအပါအဝင် လူပေါင်း ၂၄၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အစ္စရေးစစ်တပ်အပြင် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက Kamal Adwan ဆေးရုံဒါရိုက်တာနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း ပြောသည်။

အစ္စရေးစစ်တပ်သည် ဖမ်းဆီးခဲ့သူများအနက်မှအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ရိုက်နှက်ခြင်းများရှိခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က အဆိုပါဆေးရုံသည် ဟားမက်စ်အဖွဲ့က စစ်ရေးရည်မှန်းချက်နှင့် အမိန့်ပေးစင်တာအဖြစ် အသုံးပြုနေခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သူများသည် ဟားမက်စ်အဖွဲ့နှင့် ဆက်နွယ်သူများအဖြစ် သံသယရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဟားမက်စ်အဖွဲ့က အစ္စရေးစစ်တပ်၏ ပြောဆိုချက်များကို ငြင်းဆန်ထားပြီး ဂါဇာစစ်ပွဲ ၁၅ လတာကာလအတွင်း ဆေးရုံများကို စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသည်ဆိုသော အစ္စရေး၏ပြောဆိုချက်များက လိမ်လည်မှုများသာဖြစ်ကြောင်း ပြောသည်။

ဟားမက်စ်အဖွဲ့က ဆေးရုံများတွင် ဟားမက်စ်အဖွဲ့ဝင်များမရှိကြောင်း ပြောသည်။

အစ္စရေးစစ်တပ်က စီးနင်းခဲ့သောဆေးရုံသည် ဂါဇာဒေသမြောက်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အဓိကကူညီပေးနေသောဆေးရုံဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောသည်။

အစ္စရေးသည် အဆိုပါဆေးရုံကိုမစီးနင်းခင် လူနာများကို ဂါဇာဒေသရှိ အင်ဒိုနီးရှားအစိုးရက တာဝန်ယူနေသောဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် အဆိုပါဆေးရုံတွင် စစ်ဆင်ရေးလုပ်ငန်းများ မလုပ်ကိုင်ခင် လူနာနှင့် ဆေးရုံဝန်ထမ်း ၃၅၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး အခြားလူပေါင်း ၉၅ ဦးကို အင်ဒိုနီးရှားဆေးရုံသို့ ရွှေ့ ပြောင်းပေးခဲ့ကြောင်း အတည်ပြုထားသည်။

အစ္စရေးသည် ဂါဇာဒေသမြောက်ပိုင်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က တိုက်ခိုက်မှုတွင် အနည်းဆုံးလူပေါင်း ၁၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ပါလက် စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူပေါင်း ငါးသောင်းနီးပါး သေဆုံးထားသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

အစ္စရေးက ဂါဇာမြောက်ပိုင်းဆေးရုံကို စီးနင်းပြီးနောက် ဆေးရုံဝန်ထမ်းများအပါအဝင် လူပေါင်း ၂၄၀ ကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.