ဝါရှင်တန်၊ မတ် ၃
အစ္စရေးနိုင်ငံသည် ဂါဇာစစ်ပွဲကို သီတင်းပတ်ခြောက်ပတ်ကြာ အပစ်ခတ်ရပ်စဲရေး အဆိုပြုချက်များကို အနည်းနှင့်အများ လက်ခံသွားဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
စေ့စပ်ဆွေးနွေးသူများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသောစစ်ပွဲကို အပစ်ခတ်ရပ်စဲနိုင်ရန် အရှိန်မြင့်ကြိုးပမ်းနေပြီး ရာမာဒန်ကာလမတိုင်ခင် အ ပစ်ခတ်ရပ်စဲနိုင်ရန် ကြိုးပမ်းနေရာ ဟားမက်စ်အဖွဲ့ခေါင်းဆောင်များသည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် လာရောက်ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက “ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး မူဘောင်တွေရေးဆွဲနေတယ်။ အစ္စရေးအစိုးရက အဲဒီအပစ်ခတ်ရပ်စဲရေး အဆိုပြုချက်တွေကို အနည်းနဲ့အများ လက်ခံနိုင်ဖွယ်ရှိနေပါတယ်။ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး သီတင်းပတ်ခြောက်ပတ်ကြာ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဟားမက်စ်အဖွဲ့ဟာ ပြန်ပေးဆွဲခံထားရသူအားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးဟာ စတင်နိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရ၊ မရဆိုတာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် မူတည်သွားတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ငါးလနီးပါးကြားမြင့်နေပြီး ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၃ သောင်းကျော် သေဆုံးထားကြောင်း သိရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကို အဆုံးသတ်နိုင်ရန် တိုက်တွန်းတောင်းဆိုနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အစ္စရေးက ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရန် အဆိုပြုချက်များကို လက်ခံဖွယ်ရှိဟု အမေရိကန်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်