အစ္စရေးကို ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က တာဝေးပစ် ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်

ယီမင်၊ နိုဝင်ဘာ ၁

ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံကို ဒရုန်းများ၊ တာဝေးပစ်ဒုံးကျည်များဖြင့် အောက်တိုဘာ ၃၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ ပြီး အစ္စရေးနိုင်ငံကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဟူသီလက်နက်ကိုင်အဖွဲ့က “ ဂါဇာဒေသကို အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ရပ်တန့်တဲ့အချိန်အထိ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အရှိန်မြင့်တိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင် သွားမယ်။” ဟုဆိုသည်။

ဟူသီလက်နက်ကိုင်အဖွဲ့ပိုင် Al-Masirah TV က “ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်အများအပြားနဲ့ တိုက်ခိုက်ခဲ့တယ်။” ဟု ပြောသည်။

အစ္စရေးစစ်ဘက်က ၎င်းတို့နိုင်ငံပိုင်နက်အတွင်းကို ပျံသန်းလာသော မြေပြင်မှ မြေပြင်ဒုံးကျည်များကို ‘Arrow’ လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံ အပြင်ဘက်ခြမ်းတွင် ရန်သူများ၏ ဒုံးကျည်များကို အောင်မြင်စွာပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် အီရန်အထောက်ပံ့ရယူထားသော လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နှင့် ယီမင်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့ အစည်းများသည် အစ္စရေးနိုင်ငံကို ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ စကားလုံးများဖြင့် ဝေဖန်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ၎င်း၏နိုင်ငံ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်မှုအဖြစ် အောက်တို ဘာ ၇ ရက်နေ့ကတည်းက ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော ဂါဇာဒေသကို ပြင်းထန်သော ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အစ္စရေးသည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် ဒုံးကျည်တပ်ဆင်ထားသောလှေများကို ပင်နယ်နီဘက်ခြမ်းတွင် ဖြန့်ကြတ်ချထားလိုက်ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

အစ္စရေးကို ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က တာဝေးပစ် ဒုံးကျည်များဖြင့် စတင်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.