ဝါရှင်တန်၊ ဧပြီ ၁၇
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် လက်ရှိအချိန်တွင် အီရန်နိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ရန် စီစဉ်နေကြောင်း သိရသည်။
အစ္စရေးနိုင်ငံကို အီရန်နိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အီရန်ကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ ဒုံးကျည်နှင့် ဒရုန်းအစီစဉ်များကိုပစ်မှတ်ထားပြီး လာမည့်ရက်ပိုအတွင်း ပိတ်ဆို့မှုချမှတ်သွားမည်ဖြစ်ကြောင်း ပြောသည်။
ထိုအပြင် အခြားမဟာမိတ်နိုင်ငံများကလည်း အီရန်နိုင်ငံကို ၎င်းတို့နှင့်သင့်တော်သော ပိတ်ဆို့မှုများချမှတ်သွားဖွယ်ရှိနေကြောင်း ဂျိတ်ဆူလီဗန်က ပြောသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက အီရန်နိုင်ငံ၏ ဒေသအတွင်းမတည်ငြိမ်မှုများ ဖြစ်လာစေရန် လုပ်ဆောင်ခဲ့သောလုပ်ရပ်များကို တားဆီးနိုင်ရန်အတွက် မဟာမိတ်နိုင်ငံများနှင့်ပူး ပေါင်းပြီး ပိတ်ဆို့မှုများချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အစ္စရေးအစိုးရကိုယ်တိုင်က အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အား အီရန်နိုင်ငံအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးကာကွယ်ရေးဦးစီးချုပ်က အစ္စရေးပိုင်နက်များအတွင်းသို့ အီရန်နိုင်ငံက ဒရုန်းနှင့် ဒုံးကျည်အစင်းပေါင်း ၃၀ဝ ဖြင့်တိုက်ခိုက်ခြင်းအတွက် ပြန်လည်တုံ့ပြန်မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း အသေးစိတ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲဖြစ်သူ ဂျိုးဆပ်ဘော်ရယ်လ်က အဖွဲ့ဝင်နိုင်ငံအချို့က အီရန်ကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ရန်တောင်းဆိုခဲ့ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အဆိုပြုချက်များကို သင့်တော်သလိုတုံ့ပြန် အရေးယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများထပ်မံချမှတ်မည့် ဥရောပသမဂ္ဂ၏အစီစဉ်သည် သံတမန်ရေးအရတိုက်ခိုက်မှုဖြစ်ကြောင်း ဝေဖန်ထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
အစ္စရေးကို တိုက်ခိုက်မှုများအတွက် အီရန်ကိုအမေရီကန်နှင့် မဟာမိတ်များ ပစ်မှတ်ထားပိတ်ဆို့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်