ရန်ကုန်၊ အောက်တိုဘာ ၄
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းပေါ်၌ အငှားယာဥ်မောင်းမှ ခရီးသည်အမျိုးသမီးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးကာ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်၊ နံနက် ၉ နာရီကျော်ခန့်က သင်္ဃန်းကျွန်းသို့ စာသင်ရန်သွားသည့် အမျိုးသမီးတစ်ဦးမှာ ကားငှားစီးသွားစဥ် တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်း တစ်နေရာ၌ အငှားယာဥ်မောင်းက အမျိုးသမီးအား ကားပျက်ဟန်ဆောင်ကာ ကားနောက်ခန်းမှ ပလက်ယာယူခိုင်းပြီး ပြန်အလှည့်တွင် ဓားဖြင့်အချက်ပေါင်းများစွာထိုးခဲ့ကြောင်း အမျိုးသမီး၏ မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။
“ အခင်းဖြစ်ပွားချိန်က မနက် ၉ နာရီကျော် ၁၀ နာရီလောက်။ ဓားနဲ့နှစ်ချက်၊ သုံးချက်ထိုးတာ။ တောင်းပန်လဲမရ၊ ဆက်ထိုးလို့ ခြေထောက်နဲ့ကန်တော့ ခြေထောက်ကြောတွေပါ ဓားနဲ့ဖြတ်တယ်တဲ့။ နောက်လက်တွေနဲ့ကာတော့ လက်တွေကိုပါ ဓားဒဏ်ရာတွေနဲ့။ ဆေးရုံမှာ အတွင်းကျောက်ကပ်နဲ့ အသည်းတွေ အချက်ပေါင်းများစွာ ချုပ်ထားရပါတယ်။ အခုထိရေပဲသောက်နိုင်ပါသေးတယ်။” ဟု အမျိုးသမီး၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လုယက်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် ဂျပန်ဘာသာစကား N3 Level အထိ သင်ကြားပြီးသူဖြစ်ကာ လက်ရှိတွင် Guide ပြပေးနေသူဖြစ်ပြီး သူ(မ)ကိုင်ဆောင်သည့် ဖုန်းတစ်လုံးနှင့် ငွေသားလေးသောင်းခန့်ပါသွားကြောင်း သိရသည်။
လုယက်ခံရစဥ် ရရှိခဲ့သည့်ဒဏ်ရာများကြောင့် အမျိုးသမီးငယ်မှာ အသက်လုကာ ဆေးကုသမှုခံယူထားရပြီး၊ အနည်းငယ်သာသက်သာသေးသည့် အခြေအနေတွင်ရှိကြောင်း မိ သားစုဝင်နှင့် နီးစပ်သူထံမှ သိရသည်။
“ အတွင်းကြီးပဲ ၇၂ ချုပ်ထားရတာ၊ ခြေထောက်တွေ၊ လက်တွေမှာလည်း ဓားဒဏ်ရာတွေကြီးပဲ၊ လက်တွေခြေတွေအကုန် ဓားနဲ့ဖြတ်လို့ ပါးစပ်နဲ့ကုန်းကိုက်မှ ဓားကလွတ်ကျသွား တာ။ အဲ့ချိန်ပြေးဆင်းလို့ လွတ်လာတာတဲ့။” ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ အငှားယာဥ်အား စုံစမ်းရာ၌လည်း ကားနံပတ်မှာ without ကားဖြစ်နေ ပြီး ယနေ့အချိန်အထိ ပြစ်မှုကျူးလွန်သူအား မဖမ်းမိသေးကြောင်း သိရသည်။
ယခုဖြစ်စဥ်သည် ညပိုင်းလူပြတ်ချိန်၌ ဖြစ်ပွားခဲ့ခြင်းမဟုတ်ပဲ နံနက်ခင်းလူသွားလူလာ ပေါများချိန်၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ အထူးသတိပြု သွားလာသင့်ကြကြောင်း ပြည်သူအ ချင်းချင်း သတိပေးမှုများရှိလာခဲ့သည်။
လုယက်မှု၊ လူသတ်မှု၊ ဓားပြတိုက်မှုများမှာ ယခင်ကလည်း ရံဖန်ရံခါဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ အခြေအနေ ပိုမိုဆိုးရွားလာခဲ့ကာ ဖုန်းတစ်လုံး၊ ငွေကျပ် နှစ်သိန်း၊ ဆိုင်ကယ်တစ်စီး စသည်မျှနှင့်ပင် လူအသတ်ကိုသတ်သည်အထိ လုယက်မှုများ ကျူးလွန်လာခဲ့ကြသည်ကို နေ့စဥ်သတင်းဖော်ပြချက်များအရ သိရသည်။
ထိုလုယက်ကျူးလွန်မှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် တရားခံအချို့ရှိခဲ့သလို တရားခံမပေါ်ပေါက်သည့် အမှုပေါင်းများစွာလည်းရှိနေကြောင်း မှုခင်းသတင်းဖော်ပြချက်များ အရ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – အင်တာနက်
အငှားယာဥ်မောင်းမှ ခရီးသည်အမျိုးသမီးအား ဓားဖြင့်ထိုးကာ လုယက်မှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်