ရန်ကုန်၊ ဒီဇင်ဘာ ၁
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်အနီး အငှားယာဥ်မောင်းအား တိုက်ပြေးသွားသည့် YBS ၄၃ ယာဥ်မောင်းမှာ တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိ သေးကြောင်း YRTC မှ သိရသည်။
နိုဝင်ဘာ ၃ ရက်၊ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် စော်ဘွားကြီးကုန်းမှတ်တိုင်အကျော်၊ စော်ဘွားကြီးကုန်း ကားဝင်းအဟောင်း၏ ဂိတ်ပေါက် (၂) အရှေ့မှ မီးပွိုင့်အဖြတ်တွင် YBS ၄၃ ယာဥ်သည် အရှေ့မှ အငှားယာဥ်အား ဝင်တိုက်မိခဲ့ပြီး အငှားယာဥ်မောင်းက တိုက်မိသွားသည်ကို ဖြေရှင်းပေးရန် ပြောဆိုရာမှ စကားများခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ထို့သို့စကားများစဥ် ဆဲဆိုမှုများရှိခဲ့ပြီး၊ YBS ယာဥ်မောင်းသည် အဆိုပါ အငှားယာဥ်မောင်းအား ကားဖြင့်တိုက်ကာ ဆွဲချိတ်မောင်းနှင်သွားခဲ့ပြီး ၁၀ မိုင် ကားမှတ်တိုင်အရောက်တွင် YBS ယာဥ်ပေါ်ပါ ခရီးသည်များအား ချပေးခဲ့ကြောင်း ယာဥ်ပေါ်ပါသူ အမျိုးသားတစ်ဦးက ပြောသည်။
ကားဖြင့်ချိတ်ဆွဲ တိုက်ခံခဲ့ရခြင်းကြောင့် အငှားယာဥ်မောင်းမှာ ခေါင်းတစ်ခြား၊ ကိုယ်တခြားဖြင့် သေဆုံးခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ ယာဉ်မောင်းကတော့ မမိသေးဘူး။ ဒါက ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် နောက်ဆက်တွဲအခြေအနေကို ရဲကိုမေးတာ ပိုအဆင်ပြေပါတယ်။ သက်ဆိုင်တဲ့ ယာဉ်လိုင်းကုမ္ပဏီက အာမခံကြေးအပါအဝင် သိန်း ၅၀ ကို ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။ နာရေးရဲ့ကိစ္စအဝဝကိုလည်း တာဝန်ယူခဲ့ပါတယ်။” ဟု YRTC မှ အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
ထိုယာဥ်တိုက်မှုဖြစ်စဥ်မှာ လူအများအပေါ် စိုးရိမ်ထိတ်လန့်မှု များစွာဖြစ်ပေါ် စေခဲ့ပြီး သေဆုံးခဲ့သည့်ဖြစ်စဉ်အား တွေ့မြင်ခဲ့သူများမှာ အမှုမှန်ပေါ်ပေါက်စေချင်ကြကြောင်း ပြောဆို ကြသည်။
“ကားတိုက်တာတွေ၊ လုယက်လူသတ်တာတွေက ဖြစ်ပြီးတဲ့အချိန် ခဏလေးပဲ နာမည်ကြီးတာ။ တရားခံကို မတွေ့ရဘူး။ အခုဖြစ်စဉ်ဆိုရင် YBS ယာဉ်မောင်းတွေက အလုပ်ခန့်ထား တာလေ။ မမိနိုင်စရာအကြောင်းမရှိဘူး။ အခုထိ မမိသေးဘူးဆိုတော့ တစ်ခုခုတော့ လွဲနေသလိုခံစားရတယ်။” ဟု စော်ဘွားကြီးကုန်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုးသားမှာ အသက် ၅၂ နှစ်အရွယ်ဖြစ်ပြီး၊ သမီးနှစ်ဦးနှင့် ဇနီးဖြစ်သူကျန်ရှိခဲ့ပြီး ၎င်းမှာ မိသားစု၏ အားကိုးရာဖြစ်ခြင်းကြောင့် အမှုမှန်ပေါ် ပေါက်စေရန် လိုလားနေ ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက ဆိုကြသည်။
ဓာတ်ပုံ – အင်တာနက်
အငှားယာဉ်မောင်းကို တိုက်ပြေးသွားသည့် YBS ၄၃ ယာဥ်မောင်းအား တစ်လနီးပါး ကြာသည်အထိ ဖမ်းမမိသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်