ရန်ကုန်၊ အောက်တိုဘာ ၉
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နေထိုင်သည့် အငှါးယာဉ်မောင်းတစ်ဦး ယာဉ်နှင့်အတူ ပျောက်ဆုံးနေသည်မှာ ၄ ရက်ကြာပြီဖြစ်ပြီး ယနေ့အထိ ရှာမတွေ့သေးကြောင်း ပျောက်ဆုံးနေသူ၏မိသားစုက ယနေ့ခေတ်သို့ ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးတွင်နေထိုင်သည့် အသက် ၅၉ နှစ် အရွယ် အငှားယာဉ်မောင်းအမျိုးသားသည် အောက်တိုဘာ ၅ ရက်၊ ည ၈ နာရီခန့်က နေအိမ်တွင် ထမင်းစားပြီးနောက် အငှားယာဉ်မောင်းနှင်ရန် ယာဉ်နှင့်အတူထွက်သွားရာမှ ယနေ့အထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေကြောင်း သိရသည်။
“ အဲ့ဒီညက ပြန်ရောက်မလာလို့ ဖုန်းဆက်ကြည့်တော့ ဖုန်းကလည်း စက်ပိတ်ထားတယ်။ နောက်နေ့မနက် ရဲကိုအကြောင်းကြားပြီး CCTV ကြည့်တော့ ည ၁၂ နာရီလောက် Happy World အရှေ့မီးပွိုင့်မှာ ဖြတ်သွားတာတွေ့လိုက်တယ်။ အခုထိကို ကားရော၊ လူရော အဆက်အသွယ်မရသေးဘူး။” ဟု ယာဉ်နှင့်အတူ ပျောက်ဆုံးနေသူ၏ သားဖြစ်သူက ပြောကြား သည်။
ပျောက်ဆုံးနေသာယာဉ်မှာ တိုယိုတာ Probox အမျိုးအစား၊ ယာဉ်အမှတ် YGN 2K- 1003 ဖြစ်ပြီး လက်ရှိတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းပျောက်ဆုံးနေမှုကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု ၎င်းကဆက် လက်ပြောကြားသည်။
ထို့ပြင် ပတ်ဝန်းကျင်တွင်တွေ့ရှိပါကလည်း ဆက်သွယ်၍ သတင်းပေးပါရန် မိသားစုက အကူအညီတောင်းခံထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း မှ သုဝဏ္ဏသို့ အငှားယာဉ်ငှားစီးသူသုံးဦးက သုဝဏ္ဏအရောက်၌ ယာဉ်မောင်းအား ဓါးဖြင့်တိုက်ခိုက် ကာ၊ ဟွန်ဒါ Fit အမျိုးအစားယာဉ်အား လုယက်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့၌ ယခုရက်ပိုင်းအတွင်း အငှားယာဉ်လုယက်ခံရမှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေ၍ ပျောက်ဆုံးနေသော ယာဉ်မောင်း၏ အသက်အန္တရာယ်နှင့် ပတ်သတ်၍ စိုးရိမ်လျက်ရှိ ကြောင်း မိသားစုကပြောသည်။
မောင်ဇော်
Photo – Pyae Phyoe Aung
ပုံစာ- ပျောက်ဆုံးနေသော ယာဉ်မောင်းနှင့် ယာဉ်အားတွေ့ရစဉ်
အငှားယာဉ်နှင့်အတူ ပျောက်ဆုံးနေသည့် ယာဉ်မောင်းအား ၄ ရက်ကြာသည်အထိ ရှာမတွေ့သေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်