နယူးဒေလီ၊ အောက်တိုဘာ ၃
အိန္ဒိယအစိုးရသည် ကနေဒါသံတမန် ၄၁ ဦးကို အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံအတွင်းမှ အမြန်ဆုံးပြန်ထွက်သွားရန် နှင်ထုတ်လိုက်ကြောင်း သိရသည်။
ကနေဒါနိုင်ငံတွင် နေထိုင်နေသော အိန္ဒိယခွဲထွက်ရေးသမားဖြစ်သလို ဆစ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သော Hardeep Singh Nijjar ဆိုသူ လုပ်ကြံခံရပြီးနောက် အိန္ဒိယနှင့် ကနေဒါနိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကနေဒါအစိုးရက ဇွန်လအတွင်း ဆစ်ဘာသာရေးခေါင်းဆောင် လုပ်ကြံခံရမှုနောက်ကွယ်တွင် အိန္ဒိယအစိုးရ ပါဝင်နေကြောင်း စွပ်စွဲဝေဖန်ခဲ့သည်။
အိန္ဒိယအစိုးရက ကနေဒါအစိုးရ၏ ပြောဆိုချက်များကို ငြင်းဆန်ထားပြီး နှစ်နိုင်ငံကြား သံတမန်ရေးအရ တင်းမာမှုများရှိလာခဲ့ကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် အဆိုပါဆစ်ဘာသာရေးခေါင်းဆောင်ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရက ကနေဒါသံတမန် ၄၁ ဦးအနေဖြင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံအတွင်းမှ ပြန်မထွက်ခွာပါက အဆိုပါသံတမန်များကို သံတမန်ရေးခွင့်ပြု ထားမှုများ ပြန်လည်ရုတ်သိမ်းမည်ဖြစ်ကြောင်း သတိပေးထားသည်။
အိန္ဒိယနိုင်ငံတွင် ကနေဒါသံတမန်ဦးရေ အနည်းဆုံး ၆၂ ဦးရှိနေပြီး အဆိုပါအရေအတွက်ထဲမှ ၄၁ ဦးကို နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ကနေဒါနိုင်ငံတွင် နေထိုင်နေသော ဆစ်ဘာသာရေးအုပ်စုများသည် ကနေဒါနိုင်ငံရှိ အိန္ဒိယသံတမန်များကို အကြမ်းဖက်ရန် ကြိုးပမ်းနေကြောင်း ဝေဖန်ခဲ့သည်။
ကနေဒါနိုင်ငံတွင် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် ဆစ်ဘာသာဝင် အိန္ဒိယခွဲထွက်ရေးအုပ်စုများ အခြေကျနေထိုင်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကနေဒါသံတမန် ၄၀ ကျော်ကို အိန္ဒိယအစိုးရ နှင်ထုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်