ရန်ကုန်၊ ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသတွင် အင်းအားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေအိမ်အလုံး ၂၀၀၀ ကျော်ပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၅၃ ဦး ရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့ ၊ နေ့လည် ၁၂ နာရီ၊ မိနစ် ၅၀ ခန့်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အင်းလေးဒေသ ရှိ ကေလာကျေးရွာအပါအဝင် ကျေးရွာအချို့တို့တွင် နေအိမ်အလုံး ၂၀၀၀ ကျော်ပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၅၃ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကေလာကျေးရွာမှာဆို နေအိမ် ၄၀၀ ကျော်လောက်ပါသွားတယ်။ တစ်ခြားနေရာတွေလည်း ပြို သွားတာတွေရှိတယ်။ ကေလာကျေးရွာမှာတင် သေဆုံးသူက ၄၃ ဦးလောက်ရှိတယ်။ အကုန်လုံးပေါင်းရင်တော့ ၅၃ ဦးလောက်တော့ရှိတယ်ဗျ။ ပြိုကျတဲ့အိမ်တွေဆို စုစုပေါင်း ၂၀၀၀ ကျော်လောက်ရှိမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
ယခုလက်ရှိတွင် အင်းလေးဒေသအတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့ကို ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကာ ယာယီတဲများထိုးပေးထားကြောင်း အမိုးအကာများလည်း လိုအပ်နေသေးကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင်း အင်းလေးဒေသရှိ သလဲဦးကျေးရွာတွင် ဟိုတည်ခုနှစ်လုံး ပြိုကျပျက်စီးခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူအချို့ အခက်အခဲများရှိနေကြောင်း သိရသည်။
“သလဲဦးမှာ ဟိုတည်ခုနှစ်လုံး ပျက်စီးသွားတာ ထိခိုက်သူတစ်ဦးတော့ရှိတယ်။ သေဆုံးသူတော့မရှိဘူး။ ဟိုတည်ကပျက်စီးသွားတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်းသူတွေလည်း နားထားရတယ်။ ဘာအလုပ်မှလည်း လုပ်မရဘူး။ လာလှူတဲ့သူတွေတော့ အင်းလေးဘက်ကိုရှိကြပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အင်းလေးဒေသအတွင်း ဖောင်တော်ဦးဘုရားအပါအဝင် ဘုန်းကြီးကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က နိုင်ငံအဝှမ်း အင်အားပြင်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် တစ်ပတ်အတွင်း သေဆုံးသူဦးရေ ၃၃၀၁ ဦး၊ ဒဏ်ရာရရှိသူ ၄၇၉၂ ဦးနှင့်၊ ပျောက်ဆုံးနေသူ ၂၂၁ ဦး ရှိခဲ့ကြောင်း ပြည်တွင်းသတင်းများတွင်ဖော်ပြချက်အရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ကေလာလူမှုကူညီရေးအဖွဲ့
#ယနေ့ခေတ်
အင်းလေးတွင် ငလျင်ဒဏ်ကြောင့် နေအိမ် ၂၀၀၀ ကျော်ပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၅၃ ဦးရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်