ရန်ကုန်၊ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၌ ယနေ့နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
စက်တင်ဘာ ၂၉ ရက်၊ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ရွှေတောင်ကြား (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းရှိ RC အမျိုးအစား နှစ်ထပ်အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်၏ အပေါ် ထပ်၌ သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
“ မီးခိုးငွေ့တွေနဲ့ကြောင့်လည်းပါမယ်။ သေတဲ့သူတွေဆီမှာ မီးလောင်ဒဏ်ရာလည်း တွေ့ပါတယ်။ တစ်ကိုယ်လုံး မီးလောင်သွားတာမဟုတ်ပါဘူး။ အသက်ကြီးပိုင်း အဖွားအရွယ် တစ်ဦးနဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။” ဟု သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူကပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် RC အမျိုးအစားနှစ်ထပ်တိုက်၏ အပေါ်ထပ်တစ်ထပ်နှင့် မြေညီထပ်တစ်ခြမ်းမှာ မီးလောင်ကျွမ်းသွားခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်း ခြင်းမရှိခဲ့ကြောင်း သိရသည်။
“ မီးလောင်တဲ့အိမ်မှာတော့ နှစ်ဦးပဲတွေ့တယ်။ တံခါးက အတွင်းထဲက ပိတ်ထားတော့ တံခါးဖျက်ပြီး မီးဝင်ငြိမ်းခဲ့ရတာ။ အဘွားက အပေါ်ထပ်ကအခန်းထဲမှာ နောက်တစ်ယောက် ကတော့ ရေချိုးခန်းထဲမှာ သေဆုံးနေတာပါ။” ဟု သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၀ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် စတင်လောင်ကျွမ်းခဲ့သည့်ဖြစ်စဥ်အား မသိရှိရသေးပေ။
သေဆုံးသူနှစ်ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – မာဃရိပ်ငြိမ်း
အင်းယားမြိုင်လမ်း၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ် အမျိုးသမီးနှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်