ရန်ကုန်၊ ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်(အောက်) မင်္ဂလာဒုံလမ်းမပေါ်တွင် ဧပြီ ၉ ရက်၊ ညနေ ၆ နာရီက မော်တော်ကားငါးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး ခရီး သည် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ညနေ အလုပ်သမားတွေ ရုံးဆင်းချိန်မှာ အင်းစိန်ကဖြတ်လာတော့ ယာဉ်တိုက်မှုကဖြစ်တာ မြင်တယ်။ ဝိုင်ဘီအက်စ်နှစ်စီး၊ Probox တစ်စီးရယ်၊ အခြားမော်တော်ယာဥ်နှစ်စီးရယ်။ မော်တော်ယာဥ်ငါးစီးဆင့်တိုက်တာ တွေ့ရတယ်။ အရေးပေါ် Ambulance ကားတွေလည်း လေးစီးလောက်လာတာတွေ့တယ်။ ထိခိုက်တဲ့သူတွေရှိမယ်ထင်တယ်။ ကားလမ်းတွေလည်း တော်တော်ပိတ်နေတယ်။” ဟု မျက်မြင်တွေ့ရှိခဲ့သူ စက်ရုံဝန်ထမ်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါယာဥ်တိုက်မှုသတင်းရရှိသဖြင့် မြို့ကြက်ခြေနီအသင်းခွဲရုံးမှ လူနာတင်ယာဥ်နှစ်စီးဖြင့်အချိန်မှီသွားရောက်ခဲ့ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယာဥ်တိုက်မှုဖြစ်စဉ်ကြောင့် ဝိုင်ဘီအက်စ် ခရီးသည်တင်ယာဥ်လိုင်းက အရှိန်လွန်၍ မော်တော်ယာဥ်ငါးစီး ဆင့်တိုက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများအနက် အစိမ်းရောင်အဆင့်လူနာနှင့် အဝါရောင်အဆင့်လူနာအမျိုးသား၊ အမျိုးသမီး ၁၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့၍ မိတ်ဖက်ပရဟိတအသင်းဖွဲများနှင့်အတူ လူနာတင်ပေါ်တွင် စနစ်တကျရှေးဦးပြုစုပေးခဲ့ပြီး အင်းစိန်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့
အင်းစိန်မြို့နယ် အောင်ဆန်းမှတ်တိုင်တွင် ယာဥ်ငါးစီးဆင့်တိုက် ၁၅ ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်