အင်းစိန်ထောင်မှ အကျဉ်းသား ၂၅၀၀ နီးပါးအပါအဝင် အကျဉ်းသားကိုးထောင်ကျော် လွတ်မြောက်

ရန်ကုန်၊ ဇန်နဝါရီ ၅

ယမန်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့်အနက် အင်းစိန်ထောင်မှ အကျဉ်း သား ၂၅၀၀ နီးပါး လွတ် မြောက်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း အကျဉ်းကျခံနေရသူများ၏ မိသားစုများထံမှ သိရသည်။

ယမန်နေ့က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသူ ကိုးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ် ပေးခဲ့ကာ အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူနှင့် နိုင်ငံခြားသား စုစုပေါင်း ၂၄၉၇ ဦးတို့ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်သူအများစုမှာ ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်ရန် ရက်နီးကပ်နေသူများသာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအများစု မပါဝင် ကြောင်း အကျဉ်းကျခံနေရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ အင်းစိန်ထောင်က ပြန်လွတ်ပေးလိုက်တဲ့သူတွေအများစုက ပြန်လွတ်ဖို့ တစ်နှစ်နဲ့ တစ်နှစ်အောက်လောက် ကျန်တော့တဲ့သူတွေလို့ သိရတယ်။ အများစုက နိုင်ငံရေးပုဒ်မ မဟုတ်ပဲ၊ အခြားပုဒ်မတွေနဲ့ ထောင်ကျနေတဲ့သူတွေ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နာမည်ကြီးတွေထဲကဆို တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လွတ်လာတယ်လို့ ကြားတယ်။” ဟု ၎င်းက ပြောသည်။

အင်းစိန်ထောင်တွင် ထောင်ဒဏ်ကျခံနေရသူများအနက် အဆိုတော်အောင်လသာ လွတ်မြောက်ကြောင်း သတင်းများထွက်ပေါ်နေပြီး၊ အခြားအနုပညာရှင်များဖြစ်သည့် သဉ္ဇာဝင့် ကျော်၊ နန်းမွေစံ၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦး ချစ်ခိုင်၊ ဦးခင်ရွှေတို့အပ်အဝင် နာမည်ကြီးပုဂ္ဂိုလ်အချို့ ပြန်လည်လွတ်မြောက်ခြင်းမရှိကြောင်း ထွက်ပေါ်နေသော သတင်း များအရ သိရသည်။

“ နာမည်ကြီးတွေထဲက တစ်ယောက်မှတော့မပါဘူး ကြားတယ်။ အောင်လကလည်း လွတ်ရက်နီးလို့ လွတ်လာတယ်လို့ သိရတယ်။” ဟု အင်းစိန်အကျဉ်းထောင်အနီး နေထိုင်သူတစ် ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင်ငါးခုနှင့် အလုပ်စခန်းခုနစ်ခုတို့မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၆၉၇ ဦးပြန်လည်လွတ်မြောက်ခဲ့ပြီး ထိုအထဲတွင် အိုးဘို ထောင်၌ အကျဉ်းကျခံနေရသူ NLD အစိုးရလက်ထက် မန္တလေးမြို့တော်ဝန် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာရဲလွင်လည်း ပါဝင်ကြောင်း သိရသည်။ ဒေါက်တာရဲလွင်သည် ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ကာ လွတ်ရက်စေ့ကာနီး လေးလခန့်အလို ယမန်နေ့က လွတ်ငြိမ်းဖြင့် ပြန်လွတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ NLD အစိုးရလက်ထက် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးဖြစ်သူ ဒေါက်တာလှမြတ်သွေးမှာ ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထို့ပြင် ပုသိမ်၊ သာယာဝတီ၊ မြောင်းမြ၊ စစ်တွေအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အထိမ်းအမှတ်နေ့များနှင့် နေ့ထူးနေ့မြတ်များတွင် အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာလေ့ရှိပြီး နစကလက်ထက် သုံးနှစ်တာကာလအတွင်း အကျဉ်းသား ခြောက်သောင်းထက်မနည်အား လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ၏ စာရင်းများ အရ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးဖြစ်စဉ်များနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူ ၂၅,၀၀၀ ကျော်ရှိ ကာ ထိုအထဲမှ ၅၀၀၀ ခန့်သာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – #စုစု

ပုံစာ- ယမန်နေ့က အင်းစိန်ထောင်ရှေ့အား တွေ့ရစဉ်

#ယနေ့ခေတ်

အင်းစိန်ထောင်မှ အကျဉ်းသား ၂၅၀၀ နီးပါးအပါအဝင် အကျဉ်းသားကိုးထောင်ကျော် လွတ်မြောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.