စင်ကာပူ၊ ဇွန် ၁
အင်ဒို-ပစီဖိတ်ဒေသသည် အမေရိကန်နိုင်ငံအတွက် အဓိကဦးစားပေးနေရာအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ အာရှတိုက်လုံခြုံမှုများရှိလာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က စင်ကာပူနိုင်ငံတွင် မေလ ၃၁ ရက်နေ့က စတင်ကျင်းပခဲ့သော ရှန်ဂရီလာလုံခြုံရေးနှင့် ကာကွယ်ရေးအစည်းအဝေးတွင် ပြောဆိုလိုက်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် အဆိုပါအစည်းအဝေးပွဲကို တက်ရောက်လာသော တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက “ အာရှဒေသလုံခြုံရေးအတွက် အမေရိကန်နိုင်ငံကလုပ်ဆောင်မှာပါ။ အမေရိကန်နိုင်ငံဟာ အာရှတိုက်ဒေသအတွင်းမှာရပ်တည်နေတဲ့ ရပ်တည်မှုတွေကို ထိန်းသိမ်းသွားမှာပါ။ ဥရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ သမိုင်းဝင်ပဋိပက္ခတွေ ဖြစ်နေဆဲဖြစ်ပေမယ့် အင်ဒို-ပစီဖိတ်ဒေသကတော့ အမေရိကန်နိုင်ငံရဲ့ အဓိ ကအဦးစားပေးဖြစ်မှာပါ၊” ဟု ပြောသည်။
အမေရိကန်နိုင်ငံသည် အင်ဒို-ပစီဖိတ်ဒေသအတွင်းရှိ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အထူး သဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ဆုံနေသော ဖိလစ်ပိုင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း ဆို သည်။
အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ကျွန်းတွင် စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ ဖြန့်ကြတ်ချထားမှုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com/asia
အင်ဒို-ပစီဖိတ်ဒေသသည် အမေရိကန်၏အဓိကဦးစားပေးနေရာအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်