ရန်ကုန်၊ မေ ၁၉
ပြည်ပသို့အလုပ်သမားစေလွှတ်ပြီး အခွန်ဆောင်ခြင်းမရှိသည့် အေဂျင်စီများကို Black list သွင်းမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မေ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခုကို ယခုမေလ ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများ၌ အခွန် စည်းကြပ်မှုခံယူပြီး အချိန်မီတင်ပြကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါအေဂျင်စီများအနေဖြင့် သတ်မှတ်ရက်အတွင်း ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ တချို့ကတော့ အလုပ်သမားမလွှတ်နိုင်လို့ မဆောင်နိုင်ကြဘူး။ တချို့အေဂျင်စီတွေကကျတော့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းမပြည့်လို့ ရပ်ဆိုင်းခံရတာတွေရှိတယ်။ ဒါတွေကျတော့ အခွန်မဆောင်နိုင်ဘူး။ အေဂျင်စီတွေက လည်း အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်။ ပြီးတော့ မူဝါဒက ခဏခဏပြောင်းနေတာ” ဟု လိုင်စင်ရအေဂျင်စီတစ်ခုက ယနေ့ခေတ်သို့ ပြောသည်။
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့အလုပ်သမားစေလွှတ်ထားသည့် အေဂျင်စီများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထားကာ အခွန်စည်းကြပ်မှုခံယူပြီး ပြန် လည်တင်ပြကြရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က သက်ဆိုင်ရာအေဂျင်စီများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အကြောင်းကြားထားသော်လည်း အချို့အေဂျင်စီများက ပေးဆောင်ခြင်းမရှိသည့်အတွက် အခွန်စည်း ကြပ်မှုခံယူရန် မေလ ၉ ရက်နေ့က ထပ်မံသတိပေးထားကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – Myanmar Embassy Seoul
#ယနေ့ခေတ်
အခွန်မဆောင်သည့် အေဂျင်စီများကို Black list သွင်းမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်