ရန်ကုန်၊ နိုဝင်ဘာ ၆
CMP လုပ်ငန်းအချို့ အခွန်ကင်းလွတ်ခွင့် ရရှိထားသော်လည်း ပေးနေရဆဲဖြစ်ကြောင်း CMP လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
လက်ရှိတွင် CMP စနစ်ဖြင့် ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းအသုံးပြု၍ ပြည်တွင်း၌ထုတ်လုပ်သည့် Cartoon Box၊ Poly Bag၊ Padding၊ Mould အမျိုးမျိုး၊ ဖိနပ်အောက်ခံ ဆိုးလ်ပြားများ စသည်ဖြင့်လုပ်ကိုင်နေသော လုပ်ငန်းများသည် အခွန်အကောက်များ ပေးနေရဆဲဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို ပြည်ပသို့ ရာခိုင်နှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး၊ အကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်လျှောက်ထားနိုင် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်က (၈၇/၂၀၁၇) ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
“ အခုထိ အခွန်ကပေးဆောင်နေရတုန်း။ အခွန်ကင်းလွတ်ခွင့်လို့သာပြောတာ။ ဒါကို သက်ဆိုင်ရာအသင်းတွေအနေနဲ့ တင်ပြပေးစေချင်တယ်။” ဟု CMP လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် CMP စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံရှိပြီး ယင်းတို့တွင် နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိ၊ ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၄၀၀ နီးပါးအထိ ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ပြောပြချက်အရ သိရသည်။
ပြည်ပပို့ကုန်တင်ပို့မှုတွင် CMP လုပ်ငန်းသည် ပို့ကုန်အများဆုံးဝင်ငွေရရှိသည့် ကဏ္ဍဖြစ်ကြောင်း၊ သို့သော် ကိုဗစ် -၁၉ နှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် နာမည်ကြီး Brand အချို့ ထွက်ခွာမှုများရှိနေသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှုလျော့ကျနေကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
အခွန်ကင်းလွတ်ခွင့် ရရှိထားသည့် CMP လုပ်ငန်းအချို့ အခွန်ပေးနေရဆဲ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်