ရန်ကုန်၊ စက်တင်ဘာ ၁၆
အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေး ရှာင်များကို ကူညီနေသူများထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင် တစ်ထောင်ခန့်သည် နေရပ်သို့မပြန်နိုင်သည်မှာ သုံးလကျော်ကြာမြင့်နေ ပြီး စားဝတ်နေရေး အခက်အခဲအပြင် နေရာထိုင်ခင်းအတွက်ပါ ခက်ခဲနေကြောင်း သိရသည်။
“ စစ်ရှောင်စခန်းကို အကူအညီပေးတာတွေ နည်းသွားတယ်ဗျ။ စားသောက်ကုန်တွေ အကုန်ဈေးတက်တော့ အရင်က အလှူရှင်တွေက ဆန်နှစ်ပြည်လှူနိုင်ရင် အခုတစ်ပြည်ပဲ လှူ နိုင်တော့တယ်။ ဘယ်အဖွဲ့အစည်းမှလဲ အထောက်အပံ့မလာဘူး။ ဒီမှာရှိတာတွေနဲ့ အဆင်ပြေအောင် လုပ်နေရတာ။ အကုန်လုံးခက်ခဲတယ်” ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦး က ယနေ့ခေတ်ကိုပြောသည်။
ညောင်ပင်ကြီးကျေးရွာ အနီးတဝိုက်တွင် ပြီးခဲ့သည့် ဇွန်လ ၈ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံလေးထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိတွင် နေရပ်သို့ မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်ထောင်ခန့်ကျန်ရှိနေသေးကြောင်း၊ မိုးရာသီဖြစ်သည့်အတွက် မိုးကာနှင့်အခင်းများလည်း လိုအပ်လျှက်ရှိနေပြီး ဆန်ကွဲတစ်အိတ်လျှင် တစ်သိန်းကျော်နေကြောင်း၊ စားအုန်းဆီ တစ်ပိသာလျှင် ကျပ်နှစ်သောင်းရှိ၍ ကြက်သွန်တစ်ပိသာကို သုံးထောင်ကျပ်ရှိကြောင်း သိရသည်။
စစ်ရှောင်စခန်းများမှ မြို့ပေါ်သို့ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် တစ်နေ့လျှင် ကျပ်ခုနှစ်ထောင်ကျပ်ခန့်သာရရှိပြီး လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကြောင့် ဆီဝယ်ယူ ရန်ပင် ခက်ခဲနေကြောင်း သိရသည်။
အောင်သူရိန်
ဓါတ်ပုံ -cj
အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်