ရန်ကုန်၊ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ယနေ့ထုတ်ပြန်သည့် အခေါက်ရွှေတစ်ကျပ်သား ရည်ညွှန်းစျေးမှာ ၃၅ သိန်းကျော်သို့ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါစျေးနှုန်းမှာ ဗဟိုဘဏ်၏ Online Trading USD Rate တစ်ဒေါ်လာလျှင် ၃၄၂၀ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး၊ အခေါက်ရွှေတစ်ကျပ်သား ၃,၅၆၁,၉၀၀ ကျပ်ဟု သတ်မှတ်၍ ထုတ်ပြန်ထားကြောင်း အဆိုပါအသင်းမှ သိရသည်။
“ ဗဟိုဘဏ်ရဲ့ Online Trading မှာဖြစ်နေတဲ့ အမေရိကန် တစ်ဒေါ်လာငွေလဲနှုန်း ကျပ် ၃၄၂၀ ဈေးနဲ့တွက်ထားတာပါ။” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူက ဆိုသည်။
ဒီဇင်ဘာ ၅ ရက်က ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းသတ်မှတ်ချက်အား ပယ်ဖျက်ခဲ့ပြီးနောက် ယခုအခါ ပြင်ပပေါက်စျေးဖြင့်သာ တွက်ချက်ရောင်းဝယ်လျက်ရှိစဉ် ရွှေအသင်း၏ ရည်ညွှန်းစျေးမှာလည်း မြင့်တက်လာခြင်းဖြစ်သည်။
ယနေ့တွင် ပြင်ပ၌ တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ဗဟိုဘဏ်၏ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုတွင် တစ်ဒေါ်လာလျှင် ၃၄၁၀ ကျပ်ဝန်းကျင် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ဗဟိုဘဏ်၏ ယနေ့ပေါက်စျေးအတိုင်း တွက်ချက်ခြင်းဟုလည်း သိရသည်။
ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရန် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်ရွှေအသင်းမှ ထိုစျေးနှုန်းဖြင့်တွက် ချက်ကာ ရည်ညွှန်းစျေးအား နေ့စဉ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် ပြင်ပဒေါ်လာပေါက်စျေးဖြင့် တွက်ချက်သည့် ပြင်ပရွှေစျေးနှုန်းထက် ရန်ကုန်ရွှေအသင်း၏ရည်ညွှန်းဈေးမှာ ကျပ်ငါးသိန်းမှ ကျပ်ဆယ်သိန်းကြား နေ့စဉ်ကွာခြားချက်ရှိ နေ၍ လူထုအကြား ဝေဖန်မှုများမြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစ၍ ရန်ကုန်ရွှေအသင်းမှ ဗဟိုဘဏ်၏ နေ့စဉ်အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့် တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ပြောင်းလဲတွက် ချက်ပေးခဲ့ပြီးနောက် ရည်ညွှန်းစျေးနှုန်း မြင့်တက်လာ ကြောင်း သိရသည်။
ထို့နောက် ယခုအခါ ဗဟိုဘဏ်၏ ထပ်မံပြောင်းလဲသတ်မှတ်ထားသည့် ဒေါ် လာလဲလှယ်နှုန်းထားများဖြင့် ဆက်လက်တွက်ချက်သောကြောင့် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းစျေး ထပ်မံမြင့်တက်လာခြင်း ဖြစ်သည်။
ပြင်ပရွှေဆိုင်များ၌ ယနေ့ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းကျော်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
အခေါက်ရွှေတစ်ကျပ်သား ရည်ညွှန်းစျေး ၃၅ သိန်းကျော်သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်