ရန်ကုန်၊ နိုဝင်ဘာ ၇
ရန်ကုန်မြို့ရှိ အင်းစိန်အကျဥ်းထောင်နှင့် ပဲခူးမြို့ရှိ သာယာဝတီအကျဥ်းထောင်အပါအဝင် အကျဉ်းထောင်အချို့တွင် သေဒဏ်အမိန့်နှင့် ထောင်တစ်သက် အမိန့်ကျခံရသူများကို မိသားစုဝင်များနှင့် လူချင်းဧည့်တွေ့ခွင့်ကို နိုဝင်ဘာ ၅ ရက်မှ စတင်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်အင်းစိန်အကျဥ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ပြီးခဲ့တဲလ အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို လူချင်းဧည့်တွေ့ခွင့်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ သေဒဏ်အမိန့်နဲ့ ထောင်ဒဏ်တစ်သက် ကျခံနေ ရသူတွေ မပါခဲ့ဘူး။ အခုနိုဝင်ဘာ ၅ ရက်မှစပြီး မိသားစုဝင်တွေ လူချင်းဧည့်တွေ့ဆုံခွင့်ပြုခဲ့တာပါ။ ကိုဗစ်ကာလကတည်းကဆိုတော့ အချို့ကလည်း မတွေ့ရတာကြာတော့ လူ အရမ်းများတယ်။” ဟု ရန်ကုန် အင်းစိန်အကျဥ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အကျဥ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင်များ၏ ထောင်ဝင်စာတွေ့ခွင့် သတ်မှတ်ချက်များအရ သေဒဏ်အမိန့်နှင့် ထောင်တစ်သက်ကျခံရသူများကို လစဥ် ပထမဆုံးအပတ် တနင်္ဂနွေနေ့တိုင်း တစ်လတစ်ကြိမ် တွေ့ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်အင်းစိန်အကျဥ်းထောင် တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အခြားသော အကျဉ်းသားများကို တစ်လတစ်ကြိမ် မိသားစုဝင်များကို လူချင်းဧည့်တွေ့ ခွင့်ပြုရမည်ဖြစ်ပြီး တရားရင်ဆိုင်ဆဲ အချုပ်သားများက တစ်ပတ်လျှင်တစ်ကြိမ် မိသားစုဝင် များနှင့် လူချင်းဧည့်တွေ့ဆုံခွင့်ပေးထားကြောင်း သိရသည်။
အကျဥ်းထောင်များရှိ သေဒဏ်အမိန့်နှင့် ထောင်တစ်သက် အမိန့်ကျခံရများကို မိသားစုဝင်များနှင့် လူချင်းဧည့်တွေ့ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်