အကျဉ်းသားကိုးထောင်ကျော်အား လွတ်ငြိမ်းခွင့်ပြု ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း ထောင်အသီးသီး၌ အကျဉ်းကျခံနေရသူ ကိုးထောင်ကျော်အား ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း နစကမှ ကြေညာခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၄ ရက်နေ့)တွင်ကျရောက်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကာ နိုင်ငံသား အကျဉ်းသား ၉၆၅၂ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၁၄ ဦးတို့အား လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာချက်အရ သိရသည်။

အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးမည့်သတင်းကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့အပါအဝင် ဒေသအချို့ရှိ အကျဉ်းထောင်များ၏ရှေ့တွင် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များက လာရောက်စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။

“ ဒီမနက်အစောကြီးထဲက တဖွဲဖွဲရောက်လာကြတယ်။ ထောင်ဘေးက ပလက်ဖောင်းဘေးမှာဆို တန်းစီနေတာပဲ။ နေ့လည်ပိုင်းနဲ့ ညနေပိုင်းလောက်တော့ လွှတ်မယ်လည်း ကြား တယ်။ ဘယ်သူတွေပါမလဲတော့ မသိရသေးဘူး။” ဟု အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီအထိ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူ ရာချီ၍ရှိနေကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အထိမ်းအမှတ်နေ့များနှင့် နေ့ထူးနေ့မြတ်များတွင် အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာလေ့ရှိပြီး နစကလက်ထက် သုံးနှစ်ကာလအတွင်း အကျဉ်း သား ခြောက်သောင်းထက်မနည်အား လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

#မောင်ဇော်

ဓါတ်ပုံ – စုစု

ပုံစာ- အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်။

#ယနေ့ခေတ်

အကျဉ်းသားကိုးထောင်ကျော်အား လွတ်ငြိမ်းခွင့်ပြု ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.