စင်ကာပူ၊ မေ ၁၀
စင်ကာပူလေတပ်သည် Tengah လေတပ်အခြေစိုက်စခန်းတွင် နာမည်ကျော်အက်ဖ် ၁၆ တိုက်လေယာဉ် ပျက်ကျခဲ့ပြီးနောက် အဆိုပါအက်ဖ် ၁၆ တိုက်လေယာဉ်များဖြင့် လေ့ကျင့်မည့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်သည် မေလ ၈ ရက်နေ့က လေ့ကျင့်ရေးအတွက် ပျံတက်ခဲ့ပြီးနောက် မကြာမီပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးထိခိုက်သေဆုံးခြင်းမရှိသော်လည်း လေယာဉ်ပျက်ကျရသောအကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန်အတွက် အက်ဖ် ၁၆ တိုက်လေယာဉ်များဖြင့် လေ့ကျင့်မှုကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူလေတပ်မှ တာဝန်ရှိသူက “ လေယာဉ်မှူးတွေဟာ ပြင်းထန်တဲ့ ဒဏ်ရာမျိုးတော့မရခဲ့ဘူး။ လမ်းလျှောက်ပြီး ပြန်လာနိုင်ခဲ့တယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုတွေတော့ လုပ် ဆောင်ပေးနေတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို အသေးစုံစမ်းစစ်ဆေးမယ်။ ပြီးရင်တော့ သတင်းထုတ်ပြန်ပေးမယ်။” ဟု ပြောသည်။
စင်ကာပူနိုင်ငံသည် အမေရိကန်နိုင်ငံထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်များကို နှစ်ပေါင်း ၃၀ နီးပါးကြာ အသုံးပြုခဲ့ပြီး၊ ပြီးခဲ့သောနှစ်ပေါင်း ၂၀ ကျော်အတွင်း အက်ဖ် ၁၆ တိုက်လေ ယာဉ်ပျက်ကျမှုကြောင့် စင်ကာပူလေတပ် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် အမေရိကန်နိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်သည့်အတွက် အက်ဖ် ၁၆ တိုက်လေယာဉ်များကို ဝယ်ယူအသုံးပြုခဲ့ပြီး လက်ရှိအချိန်တွင် အက်ဖ် ၁၆ တိုက်လေယာဉ်များနေရာတွင် အစားထိုးရန်အတွက် နောက်ဆုံးပေါ် ခေတ်မီတိုက်လေယာဉ်အမျိုးအစားများထဲတွင်ပါဝင်နေသည့် F-35A တိုက်လေယာဉ်နှင့် F-35 B အမျိုးအစား တိုက်လေယာဉ်များကို ဝယ်ယူရန်စီစဉ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အက်ဖ် ၁၆ တိုက်လေယာဉ် ပျက်ကျခဲ့ပြီးနောက် အဆိုပါလေယာဉ်များဖြင့် လေ့ကျင့်မည့်အစီအစဉ်ကို စင်ကာပူလေတပ်က ယာယီဆိုင်းငံ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်