တဲလ်အဗစ်၊ ဧပြီ ၇
အစ္စရေးအစိုးရသည် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်အတွင်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနေသည့် အဖွဲ့စည်းတစ်ခုဖြစ်သော World Central Kitchen (WCK) မှ ဝန်ထမ်းများအား မှားယွင်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စစ်ဘက်အရာရှိကြီးနှစ်ဦးကို ရာထူးမှထုတ်ပယ်ခဲ့သလို၊ အခြားတပ်မှူးများကို အရေးယူခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ဧပြီ ၁ ရက်နေ့က ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ World Central Kitchen (WCK)အဖွဲ့၏ ယာဉ်တန်းကို ပစ်ခတ်မိပြီး မှားယွင်းတိုက်ခိုက်မိခဲ့ကြောင်း ဝန်ခံထားသည်။
အစ္စရေးစစ်တပ်က “ အကူညီပေးရေးဝန်ထမ်းတွေလိုက်ပါလာတဲ့ ကားတွေကို တိုက်ခိုက်မိခဲ့တာဟာ မှားယွင်းပစ်ခတ်မိသလိုမျိုးဖြစ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှားယွင်းခဲ့တယ်။” ဟုပြောသည်။
အစ္စရေး၏တိုက်ခိုက်မှုများကြောင့် အဆိုပါအဖွဲ့တွင် ပါဝင်လုပ်ကိုင်နေသည့် ဗြိတိန်၊ သြစတြေးလျ၊ ပိုလန်၊ အမေရိကန်၊ ကနေဒါနှင့် ပါလက်စတိုင်းလူမျိုးများအပါအဝင် ၇ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးအစိုးရအဖွဲ့သည် အဆိုပါတိုက်ခိုက်မှုဖြစ်လာခဲ့ပြီးနောက် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး အမေရိကန်သမ္မတကိုယ်တိုင် လူသိရှင်ကြားထုတ်ဖော်ဝေဖန်ခဲ့သည်။
အမေရိကန်သမ္မတက အစ္စရေးအစိုးရသည် အရပ်သားများနှင့် အကူညီပေးရေးဝန်ထမ်းများကို ကာကွယ်ပေးနိုင်ခြင်းမရှိဘူးဆိုလျှင် အစ္စရေးနိုင်ငံအပေါ်ထားရှိသောမူဝါဒများကို အပြောင်းလဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းလူမျိုး သုံးသောင်းကျော်သေဆုံးခဲ့ပြီးနောက်ကုလသမဂ္ဂ၏ ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်ခဲ့ရသည်။
အစ္စရေးစစ်တပ် တာဝန်ရှိတစ်ဦးက အဆိုပါယာဉ်တန်းတွင် (WCK)အဖွဲ့၏လိုဂို မတွေ့မြင်ခဲ့မိကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ကားများကိုဖမ်းဆီးအသုံးပြုနေခြင်းဟု မှားယွင်းတွက်ချက်မိခဲ့ကြောင်း ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
အကူညီပေးရေးဝန်ထမ်းများကို မှားယွင်းပစ်ခတ်မှုအတွက် အစ္စရေးစစ်တပ် တာဝန်ရှိသူများကို အရေးယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်