ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီးအနီးတွင် တည်ဆောက်မည့် ဟံသာဝတီလေဆိပ်စီမံကိန်းသည် ရပ်ဆိုင်းနေပြီး ယင်းစီမံကိန်းအတွက် လယ်မြေများသိမ်းထားခံရသည့် ပိုင်ရှင်များအနေဖြင့် လျော်ကြေးရရှိလိုကြောင်း သိမ်းဆည်းခံလယ်မြေပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါစီမံကိန်းအတွက် လယ်ယာမြေအမြောက်အမြားကို သိမ်းယူထားပြီး ယခုအခါ စီမံကိန်းမစတင်နိုင်သည့်အတွက် မြေများကိုပြန်လည်ရယူလိုကြောင်း၊ လယ်ယာမြေပြန်မပေးလိုပါက လျော်ကြေးပေးစေလိုကြောင်း ၎င်းကဆိုသည်။
“ စီမံကိန်းက ဒီပုံစံအတိုင်းဆိုရင် ရပ်လုနီးပါးဖြစ်နေပြီ။ စီမံကိန်းမစဖြစ်တော့ဘူးဆိုရင်လည်း လယ်မြေတွေကို ပြန်ပေးစေချင်တယ်။ မပေးချင်ဘူးဆိုရင်လည်း လျော်ကြေးတော့ပေး။ အခုက ဘာမှလည်းမရဘူး။” ဟု စီမံကိန်းအတွက် လယ်မြေသိမ်းဆည်းခံရသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(DCA) က လေဆိပ်သစ်တည်ဆောက်ရေးအတွက် မြေဧရိယာဟက်တာ ၃၆၀၀ နီးပါးပံ့ပိုးပေးမည်ဖြစ်သည်။
စီမံကိန်းပထမအဆင့်အား ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်း၊ စီမံကိန်းပထမအဆင့်ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည်ရှစ်သန်းအား ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ စီ မံကိန်းဒုတိယအဆင့်အား ၂၀၃၇ ခုနှစ်တွင်ပြီးစီးရန်လျာထားကာ တစ်နှစ်လျှင်ခရီးသည် ၁၅ သန်းအား ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းတတိယအဆင့်အား ၂၀၄၈ ခုနှစ်တွင်ပြီးစီးရန်လျာထားကာ တစ်နှစ်လျှင်ခရီးသည်သန်း ၃၀ ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို JGC – Yangnam – Changi Airport International Consortium အစုရှယ်ယာ စီးပွားရေးလုပ်ငန်းကြီးနှင့် မြန်မာ့မြို့ပြလေကြောင်းဦးစီးဌာနတို့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရေးစီမံကိန်းအား ဂျပန်အစိုးရနှင့်ပူးပေါင်း၍ နှစ်နိုင်ငံသဘောတူညီမှုဖြင့် လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#စုစု
#ယနေ့ခေတ်
ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် လယ်မြေသိမ်းထားခံရသူများ လျော်ကြေးရရှိလို ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်