ဝါရှင်တန်၊ ဇန်နဝါရီ ၁၀
အမေရိကန်နှင့် ဗြိတိန်ရေတပ်တို့သည် ပြီးခဲ့သောရက်ပိုင်းက ပင်လယ်နီဒေသတွင် ကုန်စည်သင်္ဘောများကို တိုက်ခိုက်ရန်ကြိုးပမ်းခဲ့သော ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းနှင့် ဒုံး ကျည်အစင်းပေါင်း ၂၁ စင်းကို ပစ်ချခဲ့ကြောင်း သိရသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် နောက်ဆုံးသီတင်းပတ် ၇ ပတ်အတွင်း ပင်လယ်နီဒေသမှ ဖြတ်သန်းသည့် ကုန်စည်သင်္ဘောများကို ၂၆ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်စစ်တပ်၏ အမိန့်ပေးကွပ်ကဲမှုစင်တာက ၎င်းတို့သည် ဗြိတိန်ရေတပ်နှင့်ပူးပေါင်းပြီး ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်သော ဒရုန်း ၁၈ စင်း၊ သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည်တစ်စင်း၊ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်နှစ်စင်းတို့ကို ပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပင်လယ်နီဒေသမှ ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများကို တိုက်ခိုက်နေသော ဟူသီလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများကြား ဇန်နဝါရီ ၁၀ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဟူသီလက်နက်ကိုင်အုပ်စုသည် ပါလက်စတိုင်းပြည်သူများကို ထောက်ခံကြောင်းပြသနိုင်ရန်၊ အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ပင်လယ်နီဒေသမှ ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောများကို တိုက်ခိုက်နေကြောင်း သိရသည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သောရက်ပိုင်းတွင် ဟူသီလက်နက်ကိုင်အဖွဲ့အား ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်းမည့် ကုန်စည်သင်္ဘောများကို မတိုက်ခိုက်ရန် သတိပေးခဲ့ပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် အကျိုးဆက်များရင်ဆိုင်ရမည်ဟု သတိပေးထားသည်။
အမေရိကန်အစိုးရသည် ပင်လယ်နီဒေသအတွင်း ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောများကို ကာကွယ်ပေးရန် အခြားနိုင်ငံများနှင့်ပူးပေါင်းပြီး နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်သည့် ညွှန် ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးမည့် ဥပဒေမူကြမ်းထဲတွင်လည်း ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများက ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးအပြင် ရေ ကြောင်းလွတ်လပ်ခွင့်များကို ထိခိုက်စေသလို၊ ကမ္ဘာကုန်သွယ်ရေးကိုလည်း များစွာအဟန့်အတားဖြစ်စေကြောင်း ဖော်ပြထားသည်။
ကောင်းထက်ငွေ
independent.co.uk
#ယနေ့ခေတ်
ဟူသီလက်နက်ကိုင်အုပ်စု၏ ဒရုန်းနှင့် ဒုံးကျည် ၂၁ခုကို အမေရိကန်နှင့် ဗြိတိန်ရေတပ် ပစ်ချဖျက်ဆီးနိုင်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်