ဟိုပုံးမြို့နယ် စံဖူးရွာတွင် ပစ်ခတ်မှုဖြစ်ကာ နေအိမ် ၃၀ နီးပါး မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာတွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ကာ၊ နေအိမ်အလုံး ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဟိုပုံးမြို့နယ်တွင် လက်နက်ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့များက စံဖူးကျေးရွာတွင် စောင့်ဆိုင်းနေစဉ်၊ ဇန်နဝါရီ ၂၀ ရက်၊ ည ၁၁ နာရီကျော်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ လိုက်ပါလာသည့် ကန်တာယာဉ်နှစ်စီး၊ ဖိုးဝှီးယာဉ်နှစ်စီးနှင့် ဟွန်ဒါဖစ်အမျိုးအစားယာဉ်တစ်စီး၊ စုစုပေါင်းငါးစီးအား စစ်ဆေးရာ လက်နက်များတွေ့ရပြီး ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ အဲ့ဒီညနေက သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီးတော့ ညှိနှိုင်းကြတယ်။ မနက်မိုးလင်းတော့ အဲ့ဒီကားတွေက ပေါက်ကွဲမှုဖြစ်ပြီး ရွာကိုပါမီးစွဲသွားတာ။ နေအိမ် ၂၇ လုံး မီးထဲပါသွား တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

PNLO အဖွဲ့မှာ NCA လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်၍ ထိန်းသိမ်းဆောင်ရွက်ကာ ညှိနှိုင်းမှုပြုလုပ်နေစဉ်၊ ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းက PNLO ယူနီဖောင်းဝတ်ဆင် ထားသူများက မော်တော်ယာဉ်အား မီးရှို့ထွက်ပြေးသွားရာမှ ယာဉ်များပေါ်ရှိ ခဲယမ်းဟုယူဆရသောအရာများမှ ပေါက်ကွဲမှုဖြစ်ကာ၊ စံဖူးကျေးရွာရှိနေအိမ်များသို့ မီးလောင်ခဲ့ခြင်း ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ သတင်းထုတ်ပြန်ချက်အပေါ် PNLO ဘက်မှ တာဝန်ရှိသူတစ်ဦးက သတင်းဌာနအချို့သို့ ပြောကြားရာတွင် လုံခြုံရေးအဖွဲ့ဘက်က စတင်ပစ်ခတ်ရာမှ ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ယနေ့ နံနက်အထိ PNLO တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရကြောင်း ပြောကြားသည်။

မီးလောင်၍ နေအိမ်ဆုံးရှုံးခဲ့သော ဒေသခံများအား ပြည်နယ်အစိုးရက ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများအား ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မီးလောင်ပျက်စီးခဲ့သည့် ယာဉ်များပေါ်မှ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနှင့် ခဲယမ်းအချို့အား သိမ်းဆည်းရမိကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်၊ ညပိုင်းကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၌ ကယားပြည်နယ်ရှိ KNPP လက်နက်ကိုင်အဖွဲ့များထံ ပေးပို့မည်ဆိုသော လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းအများအပြားနှင့်အတူ အမျိုးသားခုနစ်ဦးအား ဖမ်းမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ခဲ့သည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဟိုပုံးမြို့နယ် စံဖူးရွာတွင် ပစ်ခတ်မှုဖြစ်ကာ နေအိမ် ၃၀ နီးပါး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.