ဟားမက်စ် လက်နက်ကိုင်အဖွဲ့အပေါ် ပြုလုပ်နေသည့် အစ္စရေး၏စစ်ဆင်ရေးသည် တစ်စုံတရာမှားယွင်းနေဟု ကုလအတွင်းရေးမှူးချုပ် ဝေဖန်

နယူးယောက်၊ နိုဝင်ဘာ ၉

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်းသောင်းချီ သေဆုံးရခြင်းသည် အစ္စရေး၏ စစ်ဆင်ရေး မှားယွင်းနေခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်တိုက်ခိုက်ရန်အတွက် အောက်တိုဘာ ၇ ရက်နေ့တည်းက ဂါဇာဒေသကို ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး တစ်သောင်းကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူအားလုံး၏ ၄၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း ပါလက်စတိုင်းအစိုးရ တာဝန်ရှိသူများက ပြောသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က “ အစ္စရေးနိုင်ငံက ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေဟာ အစ္စရေးနိုင်ငံအကျိုးစီးပွားကို ဆန့်ကျင့်နေတယ်ဆိုတာ နားလည်ဖို့ အလွန်အ ရေးကြီးပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်မှုတွေ ကြီးမားစွာဖြစ်လာခဲ့ရတယ်။ ကျွန်တော် တို့ဟာ ခွဲခြားဆက်ဆံမှု မလုပ်ဘူးဆိုရင် လူသားတွေကိုယ်တိုင် ဆုံးရှုံးမှုဖြစ်လာမှာ မဟုတ်ဘူး။ ဂါဇာဒေသမှာ သေဆုံးခဲ့ရတဲ့ ကလေးအရေအတွက်ဟာ ကမ္ဘာတဝှမ်းဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေထဲမှာ သေဆုံးခဲ့တဲ့ ကလေးအရေအတွက် အများဆုံးဖြစ်ခဲ့ရတယ်။ ဂါဇာဒေသဟာ ကလေးငယ်တွေအတွက် သုသာန်သဖွယ်ဖြစ်နေတယ်။” ဟု ပြောသည်။

ထို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က “ဟားမက်စ်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေကို လူသားတံတိုင်းပြုလုပ်ပြီး ချိုးဖောက်တယ်။ ဒါပေမယ့် အစ္စရေးက စစ်ဆင်ရာမှာ သေဆုံးသူအများစုက အရပ်သားတွေဖြစ်တယ်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့အပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေဟာ တစ်ခုခုမှားယွင်းနေတာ သေချာပါတယ်။” ဟု ပြောသည်။

ကုလသမဂ္ဂဝန်ထမ်းများသည် စစ်ပွဲဖြစ်ပွားနေသည့် ဂါဇာဒေသတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် ကြိုးပမ်းနေရာ အကူအညီများပေးနိုင်ရန်အတွက် စစ်ပွဲကို ယာယီအပစ်ခတ်ရပ်စဲထားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရန် ကြိုးပမ်းနေသည့် ကုလသမဂ္ဂဝန်ထမ်း ၉၂ ဦးသေ ဆုံးထားကြောင်း သိရသည်။

#ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

ဟားမက်စ် လက်နက်ကိုင်အဖွဲ့အပေါ် ပြုလုပ်နေသည့် အစ္စရေး၏စစ်ဆင်ရေးသည် တစ်စုံတရာမှားယွင်းနေဟု ကုလအတွင်းရေးမှူးချုပ် ဝေဖန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.