တဲလ်အဗစ်၊ မေ ၂
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဟားမက်စ်လက်နက်ကိုင်အုပ်စုနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရာဖယ်မြို့ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ်နေတန်ရာဟုသည် ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်က “ ကျွန်တော်တို့ ရာဖယ်မြို့ကိုတိုက်ခိုက်သွားမယ်။ ရာဖယ်မြို့အတွင်းရှိ ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့ လက်ကျန်အဖွဲ့ဝင်တွေကို သုတ်သင်သွားမယ်။ အ ပစ်ခတ်ရပ်စဲရေးရရှိခြင်းရှိရှိ၊ မရှိရှိ ဟားမက်စ်အုပ်စုကို အလုံးစုံနိုင်ပွဲရယူနိုင်ဖို့ ရာဖယ်မြို့ကိုတိုက်ခိုက်သွားမယ်။” ဟု ပြောသည်။
လူအသေပျောက်များမည်ကို စိုးရိမ်သည့်အတွက် အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခြင်းမလုပ်ဆောင်ရန် တားဆီးနေသော်လည်း အစ္စရေးဝန်ကြီးချုပ်က ၎င်းတို့အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု ပြောသည်။
အစ္စရေးဝန်ကြီးချုပ်က ရာဖယ်မြို့သည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ အခိုင်မာခြေကုတ်ယူထားသောမြို့ဖြစ်ကြောင်း ပြောသည်။
ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းတည်းက နိုင်ငံတကာဖိအားများ ကြုံခဲ့ရသော်လည်း အစ္စရေးသည် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် အရှိန်မြင့်ကြိုးပမ်းနေကြောင်း သိ ရသည်။
အမေရိကန်ငံနိုင်ငံသည် ကာတာ၊ အီဂျစ်နိုင်ငံတို့နှင့်အတူ အစ္စရေးနှင့် ဟားမက်စ်လက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်ရန် ကြားဝင်စေ့စပ်နေပြီး အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလီကန်က အစ္စရေးနိုင်ငံကို ထပ်မံလာရောက်ကာ အစ္စရေးအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိနေသည်။
ကောင်းထက်ငွေ
scrippsnews.com
ဟားမက်စ်အုပ်စုနှင့် အပစ်ခတ်ရပ်စဲရေးမရလည်း ရာဖယ်မြို့ကိုတိုက်ခိုက်သွားမည်ဟု ဝန်ကြီးချုပ်နေတန်ရာဟု ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်