တဲလ်အဗစ်၊ မတ် ၂၅
အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့် အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် အစိတ်အပိုင်းအဖြစ် ၎င်းတို့ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသား ၇၀၀ နှင့် ၈၀၀ ကြား ပြန်လွှတ်ပေးသွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ထွက်ပေါ်နေသည့်သတင်းများအရ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသော လူပေါင်း ၄၀ ပြန်လွတ်မြောက်ရန်အတွက် အစ္စရေးက ပါလက်စတိုင်းလူမျိုး ၇၀၀ အထိ လွှတ်ပေးရန် သဘောတူညီဖွယ်ရှိနေကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ၅ လကျော်ကြာမြင့်လာပြီး အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၃၂,၀၀၀ ကျော် သေဆုံးထားရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အပစ်ခတ်ရပ်စဲရန် တောင်းဆိုထားပြီး အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ဆွေးနွေးနေကြောင်း သိရသည်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖမ်းဆီးထားသူတွေ အပြန်အလှန်ပြန်လွှတ်ပေးရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ဆိုတာဟာ ၅၀-၅၀ ရာခိုင်နှုန်းသာရှိနေကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖမ်းဆီးထားသူများ အပြန်အလှန်ပြန်လွှတ်ပေးရေးနှင့်ပတ်သက်ပြီး လွှတ်ပေးရမည့်အရေအတွက် ကွာခြားချက်ကြီးလွန်းနေကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူများက ပြောသည်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့(မောဆက်) တာဝန်ရှိသူများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန်အတွက် အမေရိကန်၊ ကာတာ၊ အီဂျစ် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီး၊ ပြီးခဲ့သောရက်ပိုင်းက အမေရိကန်(စီအိုင်အေ)ထောက်လှမ်းရေးအဖွဲ့ နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်သည် အစ္စရေးကို ရာဖယ်မြို့ကိုမတိုက်ခိုက်ရန်တောင်းဆိုထားပြီး ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ဆုံးဖြတ်ချက်မူကြမ်းကိုရေးသားတင်ပြခဲ့သည်။ သို့သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့ က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
edition.cnn.com
ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူများ ပြန်လွှတ်မြောက်စေရန် အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၈၀၀ နီးပါး ပြန်လွှတ်ပေးဖွယ်ရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်