တဲလ်အဗစ်၊ ဇွန် ၃
ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲနိုင်ရန် အဆိုပြုကမ်းလှမ်းချက်အသစ်များ ထပ်မံလုပ်ဆောင်ခဲ့သော်လည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်မှုများ ထပ်မံလုပ်ဆောင်မည်ဆိုလျှင် အမြဲတမ်းအပစ်ခတ်ရပ်စဲရေး ရယူနိုင်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက သတိပေးပြောဆိုလိုက်သည်။
အစ္စရေးအစိုးရသည် ဂါဇာစစ်ပွဲအဆုံးသတ်ရန် အဆိုပြုကမ်းလှမ်းချက်အသစ်များ လုပ်ဆောင်ခဲ့ပြီး အဆိုပါကမ်းလှမ်းချက်များထဲတွင် သီတင်းပတ် ၆ ပတ်ကြာ အပစ်ခတ်ရပ်စဲနိုင်ရေး၊ ဟားမက်စ်အဖွဲ့က ပြန်ပေးဆွဲထားသူများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရေးအစီအစဉ်များပါဝင်နေသလို အစ္စရေးတပ်ဖွဲ့များ ဂါဇာဒေသမှ ပြန်လည်ရုတ်သိမ်းမည့်အစီအစဉ်များ ပါဝင်နေကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်က “ စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ရပ်တည်ချက်အခြေနေတွေက အပြောင်းအလဲရှိလာမှာမဟုတ်ဘူး။ ဒါပေမယ့် ဟားမက်စ်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကို နောက်ထပ်ခြိမ်းခြောက်မှုမလုပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လိုအပ်တယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးအစိုးရကို ထိခိုက်နစ်နာအောင် လုပ်ဆောင်မယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးက အမြဲတမ်းရှိလာမှာမဟုတ်ဘူး။” ဟု ပြောသည်။
အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ်လက်နက်ကိုင်အုပ်စုနှင့် အမြဲတမ်းအပစ်ခတ်ရပ်စဲရေး မရယူနိုင်ခင် သတ်မှတ်ထားသောအချက်များ ရယူနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်းဝန်ကြီးချုပ်နေတန်ရာဟုက ပြောသည်။
အမေရိကန်နိုင်ငံ၊ ကာတာနိုင်ငံ၊ အီဂျစ်နိုင်ငံတို့သည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကို အဆိုပြုထားသော အပစ်ခတ်ရပ်စဲရေးကို လက်ခံဆွေးနွေးကြရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် ၈ လနီးပါးကြာ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရာ အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းက ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲနိုင်ရန် တိုက်တွန်းတောင်းဆိုနေကြောင်း သိရသည်။
ကောင်းထက်ငွေ
upi.com/Top_News
ဟားမက်စ်အဖွဲ့က ခြိမ်းခြောက်မှုများဆက်လုပ်ဆောင်မည်ဆိုလျှင် ဂါဇာဒေသအတွင်း အမြဲတမ်းအပစ်ခတ်ရပ်စဲရေး ရယူနိုင်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်